ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒီနေ့ကျရောက်တဲ့ (၇၆) နှစ်မြောက် မွန်တော်လှန်ရေးနေ့သို့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ “(၇၆) နှစ်မြောက် မွန်တော်လှန်ရေးနေ့မှာ ပြည်တွင်း ပြည်ပရှိ မွန်တိုင်းရင်းသားများနဲ့ တကွ တိုင်းရင်းသားပြည်သူများအားလုံး တွဲလက်ညီညီနဲ့ စုပေါင်းကြိုးစားဖော်ဆောင်နေတဲ့ စစ်အာဏာရှင် စနစ်ကျဆုံးရေးနဲ့ နွေဦးတော်လှန်ရေး လုပ်ငန်းစဥ်များ အမြန်ဆုံးအောင်မြင်ပါစေကြောင်း ဆန္ဒပြု ဆုမွန်ကောင်းတောင်းအပ်ပါတယ်” လို့ဖော်ပြထားပါတယ်။
ဒါအပြင် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ဆီသို့ ချီတက်ရာခရီးလမ်းမှာ ကြုံလာသမျှကို အတူလက်တွဲ ရင်ဆိုင် ဖြေရှင်းကာ အတူလျှောက်လှမ်းနိုင်ကြရန် ကြိုးစားကြရမှာဖြစ်တယ်ဆိုတာနဲ့ အာဇာနည်သူရဲကောင်း ခေါင်းဆောင်များရဲ့ အသက်၊ ခန္ဓာ၊ ခွန်အားများ ရင်းနှီးခဲ့ရတဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးနဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး လုပ်ငန်းစဥ်များ အောင်မြင်စေရန်မှာ မိမိတို့အားလုံးရဲ့ တာဝန်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီအနေနဲ့လည်း မွန်တိုင်းရင်းသား ပြည်သူများ အပါအဝင် အခြားသော ညီနောင်တိုင်းရင်းသားများ၊ တော်လှန်ရေးအင်အားစု ရဲဘော်ရဲဘက်များနဲ့အတူ ကြုံတွေ့လာမယ့် အခက်အခဲ၊ စိန်ခေါ်မှုအားလုံးကို ရင်ဆိုင်ကျော်ဖြတ်ကာ သမိုင်းပေးတာဝန်ကို ကျေပွန်အောင် ထမ်းဆောင်သွားမှာဖြစ်တယ်လို့ နိုင်ငံရေးသန္နိဋ္ဌာန်ဖြင့် ကတိသစ္စာပြုပြီး သဝဏ်လွှာကို ပေးပို့လိုက်တယ်လို့ ဖော်ပြထားပါတယ်။
မွန်တော်လှန်ရေး ခေါင်းဆောင်များဖြစ်ကြတဲ့ နိုင်ပန်းသာ၊ နိုင်မောင်သိန်းတို့ဦးဆောင်တဲ့ မွန်မျိုးချစ်လူငယ် (၂၇) ဦးတို့က “ခေတ်သစ်မွန် လက်နက် ကိုင်တပ်” ကို ဖွဲ့စည်းကာ ၁၉၄၈ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့၊ နံနက် (၆း၃၀) နာရီမှာ ဘားအံမြို့နယ်၊ ဇာသပြင်ကျေးရွာမှ စတင်တော်လှန်ခဲ့တဲ့နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ မွန်တော်လှန်ရေးနေ့အဖြစ် နှစ်စဥ်ကျင်းပခဲ့ကြရာ ဒီနေ့မှာဆိုရင် (၇၆) နှစ်မြောက်သို့ ရောက်ရှိခဲ့တာပါ။