ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်တွင် စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ အချင်းချင်း ဗုံးမှားကြဲမိ၍ သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယခင်နေ့များက တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ် အကြား တိုက်ပွဲပြင်းထန်နေသည့် ကွတ်ခိုင်မြို့နယ်တွင် စစ်ကောင်စီက ယနေ့ ဩဂုတ် ၃၁ရက် မွန်းလွဲ ၂နာရီ ၄၄မိနစ်တွင် လေကြောင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ ယနေ့တွင် တိုက်ပွဲမရှိဘဲ ဗုံးလာကြဲခြင်းဖြစ်သည်ဟု သတင်းရင်းမြစ်က ပြောသည်။
“ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် အိန်လွန်းတောင်တွင် စစ်ကောင်စီ တပ်အချင်းချင်း လေယာဉ်ဗုံးမှားကြဲလို့ စကစ တပ်ဘက်က အများအပြား ထိခိုက်သေဆုံးသွားတယ်။ TNLA ကို သွားကြဲတာ သူတို့မြေပုံညွှန်းမှားသွားတာနဲ့တူတယ်။ အချင်းချင်းမှားကြဲမိတာ”ဟု သတင်းရင်းမြစ်က ပြောသည်။
ထိုသို့ လေကြောင်းမှ မှားယွင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ၂၀ကျော်သေဆုံးနိုင်သည်ဟုလည်း ခန့်မှန်းသည်။
ယခု လေကြောင်း တိုက်ခိုက်ခဲ့သည့် နေရာသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၉) လှုပ်ရှားနယ်မြေဖြစ်သည်ဟုဆိုသည်။
“တပ်ရင်း(၉)ဘက် အချင်းချင်း ပစ်ချမိတယ်။” ဟု အခြား သတင်းရင်းမြစ်တစ်ဦးက စစ်ကောင်စီတပ် အချင်းချင်း မှားယွင်းပစ်ခတ်မှု အခြေအနေကို ပြောပြသည်။
ဒေသတွင်း စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး TNLA သတင်းပြန်ကြားရေးဌာနထံသို့ ဆက်သွယ်ရာ လတ်တလော အဆက်အသွယ်မရသေးပေ။
ကွတ်ခိုင်အပါအဝင် ရှမ်းမြောက်ဒေသ၌ TNLA နှင့် စစ်ကောင်စီတပ်တို့သည် ဩဂုတ်လအတွင်း တိုက်ပွဲ ၂၀ကျော် ဖြစ်ပွားခဲ့ကြောင်း၊ ဩဂုတ် ၃၀ ရက်အထိ ကွတ်ခိုင်နှင့် မူဆယ်တွင်တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း TNLAက အသိပေးထားသည်။