ထားဝယ်မြို့အဝင် ပေါက်တိုင်းတံတားစစ်ဆေးရေးဂိတ်တဝိုက်မှာ အခုညနေပိုင်းက ပေါက်ကွဲသံနဲ့ ပစ်ခတ်သံတွေ ထွက်ပေါ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားတွေက တံတားကိုပိတ်ချထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီနေ့ညနေ ၅ နာရီကျော်လောက်မှာ ပေါက်တိုင်းတံတားတဝိုက်က လက်နက်ကြီး လက်နက်ငယ်ပစ်ခတ်သံအများအပြားထွက်ပေါ်ခဲ့တာပါ။
ပစ်ခတ်သံတွေထွက်ပေါ်နေချိန် ပေါက်တိုင်းတံတားနဲ့ မလှမ်းမကမ်းမှာရှိတဲ့ ကျောက်ရပ်ရွာ ရွာလယ်ဇရပ်အနီးမှာလည်း မီးခိုးတွေထွက်နေတာတွေ့ရတယ်လို့ ဒေသခံက ဆိုပါတယ်။
“အဲဒီရွာလယ်ဇရပ်နားက ပျူစောထီးအိမ်ကိုလာတိုက်ပြီးမီးရှို့တာလို့ကြားတယ်။ အရင်ကအဲနားမှာ ပျူစောထီးဂိတ်ရှိတယ်။ အဲဘက်ကပဲ မီးခိုးထွက်နေတာ” လို့ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ပေါက်တိုင်းတံတားဂိတ်ကတော့ ပျူစောထီးနေအိမ်မီးရှို့ခံနေရချိန် ရမ်းသမ်းပစ်ခတ်တာလို့ ဒေသခံကဆိုပါတယ်။
တံတားကိုလည်း ပစ်ခတ်မှုဖြစ်နေချိန် စစ်ကောင်စီတပ်သားတွေက အဝင်ရောအထွက်ပါ ပိတ်ချလိုက်တယ်လို့ သိရပါတယ်။
အဒီနောက် ထားဝယ်မြို့ထဲက မီးသတ်ကား၂ စီး ပေါက်တိုင်းတံတားဘက်ကိုထွက်ခွာသွားသလို စစ်ကောင်စီတပ်သားတွေ မြေတင်ကားတစ်စီး၊ ဗီဂိုးကားတစ်စီးတို့နဲ့ အင်အားအပြည့် ပေါက်တိုင်းဘက်ကိုထွက်ခွာသွားတယ်လို့ မျက်မြင်တစ်ဦးကပြောပါတယ်။
အခုည ၆ နာရီခွဲအချိန်ထိတော့ ပေါက်တိုင်းတံတားကိုဖြတ်မယ့် နှစ်ဖက်ယာဥ်တွေအများအပြား လမ်းပေါ်မှာ ပိတ်မိနေတယ်လို့သိရပါတယ်။
ထားဝယ်မြို့အဝင်ကို စစ်ကောင်စီက ဂိတ် ၄ ခုနဲ့အစစ်အဆေးတင်းကြပ်နေတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေက အဲဒီဂိတ်တွေကို မကြာခဏတိုက်ခိုက်နေပါတယ်။
ပေါက်တိုင်းတံတားဟာ ထားဝယ်-မြိတ်ကမ်းလမ်းမပေါ် ထားဝယ်မြို့အထွက်မှာ တည်ရှိပါတယ်။