ယနေ့ ဩဂုတ်လ ၃၁ ရက်နေ့တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် ၁၀၅ မိုင်စခန်းမှ စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး နမ့်အွမ်ကျေးရွာ ဘုန်းကြီးကျောင်း၌ ကျရောက်ပေါက်ကွဲခဲ့ ကြောင်းသိရသည်။
လက်နက်ကြီး ကျရောက်ပေါက်ကွဲချိန်တွင် ကျောင်းထိုင်ဆရာတော်သည် အခြားအဆောင်တစ်ဆောင်၌ တရားထိုင်နေသည့်အတွက် ထိခိုက်ခြင်းမရှိဘဲ ကျောင်းဆောင်တော့ ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
ထို့အပြင် ကွတ်ခိုင်မြို့နယ်၊ ခိုးမုံးကျေးရွာအနီး၌လည်း TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ပစ်ကူခဲ့သည်ဟု ဒေသခံက ပြောသည်။
ယခုရက်ပိုင်းတွင် TNLA တပ်ဖွဲ့များလည်း သွားလာလှုပ်ရှားမှုရှိနေသလို စစ်ကောင်စီတပ်များကလည်း တိုက်ပွဲမဖြစ်သော်လည်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်နေသည်ဟု ဒေသခံက ဆက်ပြောသည်။
နမ့်အွမ်ကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့ကလည်း နေအိမ်တစ်အိမ်ထဲ လက်နက်ကျရောက်ပေါက်ကွဲခဲ့၍ အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။ ယမန်နေ့ကလည်း စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာဈေးဆိုင်တစ်ဆိုင်၌ ကျရောက်ပေါက်ကွဲခဲ့၍ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့သည်။