ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ရှေ့တန်းလှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်သား ရုပ်အလောင်းတစ်လောင်း တွေ့ရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၇)က ယနေ့ ထုတ်ပြန်သည်။
ဒီးမော့ဆိုမြို့ရှေ့တန်း လှုပ်ရှားနယ်မြေအတွင်း KNDFတပ်ရင်း(၆)နှင့် တပ်ရင်း(၇)တို့ ပူးပေါင်း၍ ကင်းယူနေစဥ် သြဂုတ် ၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဟု ဆိုသည်။
စစ်ကောင်စီနှင့် ရင်ဆိုင်ထိတွေ့တိုက်ပွဲမှာ ၁၅မိနစ်ခန့်ကြာမြင်ခဲ့ပြီး သေဆုံးနေသော စစ်ကောင်စီတပ်သားတစ်ဦး၏ ရုပ်အလောင်းအား မျက်မြင်တွေ့ရှိခဲ့ရကြောင်း အသိပေးသည်။
ထို့အတူ စစ်ကောင်စီတပ်မှ ဒဏ်ရာရရှိသူများလည်း ရှိနိုင်ကာ KNDFပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့သည်။
သြဂုတ်အတွင်း KNDF တပ်ရင်းအမှတ် (၇)၏ လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ဗုဒ္ဓဘာသာဝင်များ၏ အထွဋ်မြတ်ထားရာ ဘုရားစေတီပုထိုးများကို အကာကွယ်ယူ၍ ဆက်လက်အင်အားဖြည့် တပ်စွဲထားလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။
“တပ်ရင်း(၇)က အခု ဒီးမော့ဆိုအရှေ့ခြမ်းဖြစ်တဲ့ တနီးလာလဲတို့ ကန်ခုနှစ်ဆင့် ဘက်ပေါ့။လောလောဆယ် သူတို့ရဲ့ နယ်မြေမှာက စစ်ကောင်စီဘက်က တပ်စွဲပြီး အင်အားဖြည့်နေတာတွေရှိနေသလို တိုက်ပွဲလည်း ဆက်ဖြစ်နေတာရှိတယ်”ဟု ကရင်နီစစ်ရေးသတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။
ထို့အပြင် ဒီးမော့ဆိုတိုက်ပွဲများ၌ သေဆုံးသူများ နေသည့် စစ်ကောင်စီက ယနေ့(စက်တင်ဘာ ၁ ရက်) နံနက်အစောပိုင်းကစ၍ လွိုင်ကော်မှတဆင့် ဒီးမော့ဆိုမြို့နယ်သို့ စစ်ကား အစီးရေ ၅၀ထက်မနည်းအင်အားဖြည့် တင်းနေသည်ဟု သိရသည်။