စစ်ကောင်စီတပ်တွင်း၌ အရာထမ်းစစ်ဗိုလ်များ ရှေ့တန်းမထွက်လိုပါက နယ်မြေ ဒေသအလိုက် ငွေကျပ်သိန်းရာချီပေး၍ လာဘ်ထိုးနေရကြောင်း သိရသည်။
စစ်တပ် အာဏာသိမ်းပြီးနောက် တပ်တွင်း၌ အရာရှိစစ်ဗိုလ်များ ရှေ့တန်းမထွက်ရရေး အတွက် နည်းမျိုးစုံ အကြောင်းပြကာ ထွက်ရမည့်နယ်မြေဒေသအလိုက် ရှေ့တန်းမပါစေရန် လာဘ်ငွေပေးကာ လုပ်ဆောင်နေကြကြောင်း သိရသည်။
“နယ်မြေအလိုက် ဈေးနှုန်းနဲ့ ဈေးကွက်တစ်ခုလိုဖြစ်နေတာ။ သိန်းရာချီမပေးနိုင်တဲ့ ငယ်သားတွေကတော့ သင်တန်းဆင်းဗိုလ်တွေ ဦးဆောင်ပြီး စစ်ကြောင်းထွက်ကြရ တယ်”ဟု တပ်တွင်း သတင်းရင်းမြစ်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ရှေ့တန်းသို့ စစ်ကြောင်းထွက်ရာတွင် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း အညာဒေသဘက်သို့ ဆိုပါက သိန်း ၈၀ မှ သိန်း ၁၀၀ နီးပါးပေးဆောင်ရပြီး တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များရှိရာ ဒေသများသို့ ရှေ့တန်းထွက်ရမည်ဆိုပါက ရှေ့တန်းမထွက်ရ ရေးအတွက် ငွေကျပ် သိန်း၂၀၀ အထက် လာဘ်ထိုးကြရပြီး အဆိုပါလာဘ်ငွေမှာ လပိုင်းအတွက်သာဖြစ်ပြီး နောက်ထပ်အကြိမ်များအတွက် အာမခံချက်မရှိကြောင်း သိရသည်။
ရှေ့တန်းတွင် စစ်ကောင်စီတပ်မှ အရာရှိများဖြစ်သည့် တပ်ရင်းမှူးများပင် သေဆုံး နေသည့်အတွက် ရှေ့တန်းသို့ စစ်တိုက်ထွက်ရန် လိုက်ပါလိုခြင်းမရှိတာကြောင့် ရှိသမျှ စုဆောင်းကာ လာဘ်ထိုးနေရခြင်းဖြစ်ကြောင်း တပ်တွင်း သတင်းရင်းမြစ်က ဆိုသည်။
နယ်မြေအစုံတွင် စစ်မျက်နှာဖွင့်ထားသည့် စစ်ကောင်စီတပ်သည် သေဆုံးထိခိုက်မှု များပြားကာ တပ်သားအင်အားပြုန်းတီးမှုနှင့် ရင်ဆိုင်နေရသည့်အပြင် အရာရှိစစ်ဗိုလ် များပါ သေဆုံးနေသည့်အတွက် ရှေ့တန်းထွက်ရသည့် သူများမှာ လာဘ်ထိုးမှုများအပြင် အမိန့်အာဏာဖီဆန်မှုများလည်းပြုလုပ်လာကြောင်း သိရသည်။