ဧရာဝတီတိုင်း ငပုတောမြို့နယ် ညောင်ဝိုင်းကျေးရွာ သြဂုတ် ၃၁ရက်နေ့က စစ်ကောင်စီတပ်သား အင်အား(၁၀)ဦးဝန်းကျင် ဖြင့် ကျေးရွာအတွင်းသို့ဝင်ရောက်လာပြီး စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်း ၃၀၀ ဝန်းကျင်ကို ခြိမ်းခြောက်တောင်းခံခဲ့ကြောင်းဒေသခံများထံကသိရသည်။
စစ်ကောင်စီတပ်မှ အရာရှိတစ်ဦးဦးဆောင်ပြီး တပ်သား (၁၀)ဦးဝန်းကျင် လိုက်ပါလာသည့် စစ်ကြောင်းသည် ညောင်ဝိုင်းကျေးရွာသို့ ရောက်ရှိလာပြီးနောက် ဒေသခံများကို စိုက်ပျိုးစရိတ်အကြွေးအတောင်းခံရန်ဆိုကာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ အစည်းအဝေးခေါ်ယူခဲ့ကြောင်း သိရသည်။
” စစ်တပ်က ဗိုလ်အဆင့်တစ်ယာက်နဲ့ တပ်သားတွေရွာထဲဝင်လာပြီးတော့ စိုက်ပျိုးစရိတ်အကြွေးတောင်းဖို့ အစည်းအဝေးခေါ်လိုက်တာ။ အုပ်ချုပ်ရေးမှူးရုံးကို တရွာလုံးမဖြစ်မနေ အကုန်အစည်းအဝေးတက်ခိုင်းတယ်။ နောက်ပြီးတော့စိုက်ပျိုးစရိတ်အကြွေးကျန်တဲ့သူတွေကို တစ်ခါတည်း ငွေအတင်းအကြပ် တောင်းသွားတယ်။ စိုက်ပျိုးရေးဘဏ်မန်နေဂျာလည်းမပါပဲနဲ့ ငွေအတင်းတောင်းသွားတာ” ဟု ဒေသခံ တစ်ဦးကပြောသည်။
အစည်းအဝေးခေါ်ယူရာတွင် စိုက်ပျိုးစရိတ်ချေးငွေ အကြွေးကျန်ရှိသူ ဒေသခံ၁၅ဦးသည် ငွေကျပ်သိန်း၃၀၀ နီးပါးကို ချက်ခြင်းပေးရန်နှင့် မပေးအပ်သူများကို ဥပဒေအကြောင်းအရ အရေးယူမည်ဟု ခြိမ်းခြောက်တောင်းခံခဲ့ကြောင်း ဒေသခံများထံကသိရသည်။
” အကြွေးကျန်တဲ့ ၁၅ ယောက်အတွက် တစ်ယောက်ကို သိန်း ၂၀ ဆီတောင်းတယ်။ တခါထဲ မပေးရင် အမှုဖွင့်ဖမ်းမယ်လုပ်လို့ ပေးလိုက်ရတယ်” ဟု စိုက်ပျိုးချေးငွေ အတင်းအကျပ်တောင်းခံရသည့် ကျေးရွာမှ ဒေသခံလယ်သမားတစ်ဦးကပြောသည်။
အလားတူ ငရုပ်ကောင်းမြို့နယ် သဲဖြူကျေးရွာအတွင်းသို့ ယမန်နေ့ နံနက်ပိုင်းကလည်း စစ်ကောင်စီတပ်မှ အင်အား ခုနှစ် ဦးထက်မနည်းဖြင့် ဝင်ရောက်၍ စိုက်ပျိုးစရိတ်ချေးငွေကျပ်သိန်း ၂၀၀ ဝန်းကျင်ကို ချက်ခြင်းပေးရန် အတင်းအကျပ်တောင်းခံပြီး ပြန်လည်ထွက်ခွာသွားခဲ့ကြောင်းဒေသခံများထံကသိရသည်။