စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ဆက်တိုက် မီးရှို့ပြီး စစ်ကြောင်း ထိုးနေကြောင်း ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။
စက်တင်ဘာလ ၂ ရက်နေ့ နံနက်အစောပိုင်းက စတင်ကာ ကန့်ဘလူမြို့နယ်မှ စစ်ကား ၆ စီးဖြင့် ရောက်ရှိလာသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ ငါးရုံကြီးရွာကို ဝင်ရောက်စီးနင်း မီးရှို့ပြီးနောက် ရှားတောရွာကို ဆက်တိုက် မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း ထိုးစစ်ဆင်မှုကြောင့် အိုင်ပေါင်းချောင်၊ အောင်ချမ်းသာ၊ ယင်းတိုက်၊ ငါးရုံကြီး၊ ရှားတော၊ ကလုံ၊ သရက်ကုန်းနှင့် ရှင်မင်းဒွေ စသည့်ကျေးရွာများမှ ထောင်နှင့် ချီသော ပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
” ဒီနေ့မနက် စစ်ခွေး စစ်ကြောင်းက ကန့်ဘလူနယ် ကာဘိုးကနေ ခင်ဦးနယ် မြောက်ဘက်ခြမ်း ငါးရုံကြီးနဲ့ ရှားတောရွာကို ဝင်ပြီး ၂ရွာလုံးကို မီးရှို့နေကြတယ်။ ဘာတိုက်ပွဲမှလဲ မဖြစ်ဘူး။ အဲ့ဘက်တွေက ငြိမ်တယ်။ အကြောင်းမဲ့ ၂ ရွာလုံးကို မီးရှို့နေတာ” ဟု ရေဦးအခြေပြု People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော် (အမေ့သား) ကပြောဆိုသည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရှားတောရွာမှ မဒေါင်းကြီးရွာကို ဦးတည်ထွက်ခွာသွားကြောင်း သိရသည်။