တိုက်ပွဲတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြင်းထန်နေတဲ့ ပြည်နယ်နဲ့ တိုင်းငါးခုက လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေကို အစားထိုးခန့်အပ်တာတွေ စစ်ကောင်စီက လုပ်ထားပါတယ်။
ဝန်ကြီးပြောင်းလဲလိုက်တဲ့ ပြည်နယ်တွေက ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ့ မန္တလေးတိုင်းတို့ ဖြစ်တယ်လို့ စစ်ကောင်စီက သတင်းစာကနေ ဒီကနေ့ ထုတ်ပြန်ပါတယ်။
ကချင်ပြည်နယ်မှာဆိုရင် ဗိုလ်မှူးကြီး အောင်ကြည်လင်းအစား ဗိုလ်မှူးကြီး ကျော်သူရ၊ ကယားပြည်နယ်မှာ ဗိုလ်မှူးကြီး မြင့်ဝေအစား ဗိုလ်မှူးကြီး သန်းစိုးအောင် တို့ကို အစားထိုးခန့်အပ်လိုက်ပါတယ်။
ကရင်ပြည်နယ်မှာတော့ ဗိုလ်မှူးကြီး မျိုးမင်းနောင်အစား ဗိုလ်မှူးကြီး မင်းသူကျော်၊ ချင်းပြည်နယ်မှာ ဆိုရင် ဗိုလ်မှူးကြီး ဟန်ဝင်းအောင်အစား ဗိုလ်မှူးကြီး သိန်းထွန်းအောင်နဲ့ မန္တလေးတိုင်းမှာတော့ ဗိုလ်မှူးကြီး ကျော်ကျော်မင်းအစား ဗိုလ်မှူးကြီး နေလင်းစိုးတို့ကို အစားထိုး ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အစားထိုးခန့်အပ်တာဝန်ပေးလိုက်တယ်လို့သာ စစ်ကောင်စီရဲ့သတင်းဖော်ပြချက်မှာ ပါရှိပါတယ်။
တနင်္သာရီတိုင်းမှာတော့ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးနေရာကို စစ်ကောင်စီက သိပ်မကြာသေးခင်ကပဲ အစားထိုးထားတာပါ။ အဂတိမှုနဲ့ စစ်ဆေးခံခဲ့ရတဲ့ လုံ/နယ်ဝန်ကြီးဗိုလ်မှုးကြီးသိန်းလင်း နေရာကို စစ်တက္ကသိုလ်က အရာရှိချုပ်တစ်ဦးဖြစ်တဲ့ ဗိုလ်ကြီး မင်းမင်းလတ်ကို အစားထိုး ခန့်အပ်ကြောင်း ပြီးခဲ့တဲ့လ ၁၆ ရက်က ကြေညာခဲ့ပါတယ်။