ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်ကောင်စီ၏ နောက်ထပ်စစ်သင်္ဘောအုပ်စုတစ်စု ဆန်တက်လာပြီး ဆားလင်းကြီးမြို့နယ် မြစ်ကမ်းဘေးရှိ ကျေးရွာများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်သွား၍ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
ရေယာဉ် ၁၁စီးပါ စစ်သင်္ဘောအုပ်စုသည် ယမန်နေ့(စက်တင်ဘာ၂ရက်) နေ့လယ် ၁နာရီခန့်က ဆားလင်းကြီးမြိုနယ်အတွင်း ဝင်ရောက်လာခြင်းဖြစ်သည်။
ထို့နောက် ခွန်သာ၊ သရက်ကိုင်း၊ နှစ်ကျွန်းနှစ်ဆက်ရွာအပါအဝင် ချင်းတွင်းမြစ်ကမ်းဘေးတလျှောက်ကျေးရွာများကို ရမ်းသမ်းပစ်ခတ်သွားကြောင်း ဆားလင်းကြီးမြို့နယ်မှ အညာပစ်တိုင်းထောင်လေးများအဖွဲ့ တာဝန်ရှိသူက ပြောသည်။
“အရက်တခေါက်ကလည်း အဲ့လိုပဲ ရမ်းသမ်းပစ်သွားတာ။ အခုလည်း ဘယ်အထိ တက်မယ်မသိဘူး။ မုံရွာကိုတော့ ရောက်နေပြီ”ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ က ပြောသည်။
ယမန်နေ့က ပစ်ခတ်မှုတွင် အရပ်သားထိခိုက်မှုမရှိခဲ့သော်လည်း အိမ်အချို့ပျက်စီးခဲ့သည်ဟု သိရသည်။
“အခုသယ်လာတာ ရိက္ခာတွေလို့ မြင်မိတယ်။ လက်နက်ကတော့ တော်တော် ကောင်းတာတွေ ပါလာတယ်ဗျ။ အကြီးတွေပါလာတယ်”ဟု ဆားလင်းပြီးမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်ကလည်း အစီးရေ ၁၀စီးထက်မနည်းသော စစ်သင်္ဘောအုပ်စုတစ်စုသည် ဆားလင်းကြီး၊ မုံရွာ၊ ယင်းမာပင်၊ ကနီ၊ မင်းကင်း၊ ကလေးဝမြို့နယ်တို့ကိုဖြတ်ကာ စစ်တိုင်းတိုင်းအထက်ပိုင်းသို့ ဆန်တက်ခဲ့သည်။
အဆိုပါ စစ်သင်္ဘောအုပ်စုသည် ယခုအခါ မော်လိုက်နှင့် ဖောင်းပြင်မြို့ကြားသို့ ရောက်ရှိနေပြီး ဆက်လက် ဆန်တက်နေသည်။
လတ်တလောတွင် ချင်းတွင်းမြစ်အတွင်း စစ်သင်္ဘောအုပ်စုနှစ်စုရှိနေ၍ မြစ်ကမ်းဘေးနေပြည်သူများ လုံခြုံရေးအထူးသတိရှ်ိကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးသည်။