စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းမှာ အရပ်သားပြည်သူတွေ အသုံးပြုနေတဲ့ လမ်းမတွေပေါ် အာဏာသိမ်းစစ်တပ်ဘက်က နင်းမိုင်းတွေထောင်ခဲ့တာကြောင့် ထိခိုက်မှုတွေရှိလာလို့ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေဘက်က မိုင်းရှာဖွေ ရှင်းလင်းမှုတွေပြုလုပ်နေရတယ်လို့ သိရပါတယ်။
စက်တင်ဘာလ ၁ရက်နေ့ တစ်နေ့ထဲမှာတင် အာဏာသိမ်းစစ်တပ်ရဲ့ နင်းမိုင်းကြောင့် ဒေသခံပြည်သူ ၃ဦးလောက် ထိခိုက်ဒဏ်ရာရခဲ့လို့ PDF တွေဘက်က စက်တင်ဘာလ(၂)ရက်နေ့ကစ မိုင်းရှင်းလင်းမှုတွေပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
“မိုင်းနင်းမိတဲ့ ပြည်သူတွေက အသက်အန္တာရာယ်တော့ မစိုးရိမ်ရဘူး။ ဆိုင်ကယ်စီးလာတဲ့ အမျိုးသမီးက ခြေထောက်ဒဏ်ရာကြီးတယ်။ ဆိုင်ကယ်လည်း ပျက်စီးသွားတယ်။ ကားမောင်းလာတဲ့ ပြည်သူတစ်ဦးကတော့ ကားတာယာ ပွင့်ထွက်သွားရုံပဲ။ နွားလှည်းကတော့ နွား တစ်ကောင် ခြေထောက် ပြတ်သွားတယ်”လို့ မိုင်းရှင်းရာမှာပါဝင်တဲ့ လျှပ်စီးတပ်ခွဲ ( မုံရွာခရိုင် အမှတ်-၁၂ တပ်ရင်း ၊ တပ်ခွဲ-၃) ရဲ့ တပ်ခွဲမှူး ဗိုလ်မိုးကြိုးက ထိခိုက်မှုအခြေအနေတွေကို ပြောပြပါတယ်။
စက်တင်ဘာလ ၂ရက်နေ့ ၁နေ့ထဲမှာတင် နင်းမိုင်း ၇လုံးကို PDFတွေဘက်က ရှင်းလင်းနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့ နင်းမိုင်းတွေကတော့ အခြားအရပ်သားပြည်သူတွေအသုံးပြုနေတဲ့လမ်းမတွေပေါ်မှာ ဆက်ပြီးရှိနေနိုင်သေးတယ်လို့ ဗိုလ်မိုးကြိုးက ခန့်မှန်းထားပါတယ်။
“အခုတွေ့တဲ့ လမ်းကိုတော့ ကျနော်တို့ ပိုက်စိပ်တိုက်ပြီးရှာနိုင်ခဲ့ပေမဲ့ အခြားလမ်းတွေ မှာလည်း ရှိနေနိုင်သေးတယ်။ နောက်ပြီးတော့ အခုက မိုးရာသီဆိုတော့ မမြင်နိုင်လောက်အောက်ထိ သဲတွေ ဖုံးသွားတာမျိုးတွေလည်း ကျန်နေနိုင်တယ်။သူတို့ရဲ့ ပစ်မှတ်က PDF တွေတင်မဟုတ်ဘဲ ပြည်သူတွေကို ပစ်မှတ်ထားတဲ့ သဘောပဲ”လို့ ဗိုလ်မိုးကြိုးကဆိုပါတယ်။
ပြည်သူတွေအနေနဲ့လည်း လမ်းမတွေကိုအသုံးပြုတဲ့အခါမှာ အရင်ကအသုံးပြုထားတဲ့ ကားလမ်းရာ၊ ဆိုင်ကယ်လမ်းရာတွေကို အသုံးပြုမောင်းနှင်ကြဖို့ PDFတွေဘက်က အကြံပြုထားပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဘက်က ထောင်ထားခဲ့တဲ့နင်းမိုင်းတွေကို အတတ်နိုင်ဆုံးကြိုးစားပြီး ရှာဖွေရှင်းလင်းသွားမယ်လို့လည်း PDFတွေကဆိုပါတယ်။