အကြမ်းဖက် မင်းအောင်လှိုင်၏ခိုင်းစေချက်အရ ရန်ကုန်တိုင်းစစ်ကောင်စီက ကုန်သည်နှင့်စီးပွားရေးသမားများကို ခေါ်ယူ၍ ဆန်စျေးနှုန်းချပေးရန် ဖိအားပေးခြိမ်းခြောက်နေကြောင်း သိရှိရသည်။
ယနေ့ စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းစစ်ကောင်စီ ဝန်ကြီးချုပ် စိုးသိန်းက ကုန်သည်နှင့် စီးပွားရေးသမားများကို ခေါ်ယူ၍ ပြည်တွင်းဆန်စျေးနှုန်းများ မြင့်နေသည့်အပြင် လှောင်လက်များက လှောင်ထားပြီး စျေးကိုင်နေကြောင်း၊ လူမှုကွန်ရက်တွင် စျေးနှုန်းအမြင့် စျေးတက်ရန် ဇောင်းပေးရေးသားဖော်ပြနေကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းအတွင်း ဆန်စျေးနှုန်းတည်ငြိမ်ရေး ပူးေါပင်း ဆောင်ရွက် တွေ့ဆုံပွဲ ဖိတ်ကြားကြောင်း သိရှိရသည်။
“ကုန်သည်တွေလည်း ခက်နေကြပြီ။ စီးပွားရေးသမားတွေလည်း အတော်ကို အကျပ်တွေ့နေပြီ။ စျေးတက်တာ။ စျေးကစားလို့ တက်တယ်ဆိုတဲ့ စစ်တပ်ရဲ့ ယူဆချက်မှာ စျေးကွက်စီးပွားရေး က ပျက်သွားပြီ။ ဒီစစ်တပ် ဆင်းသွားရင် အားလုံး ပုံမှန် အတိုင်း ပြန်ဖြစ်မှာပဲလေ။ သူတို့ မဆင်းလို့ သူတို့ ကြောင့် ဒီပြဿနာဖြစ်နေတာ။ အဲဒါကို ကုန်သည်၊ စီးပွားရေးသမားကို ဝိသမ လောဘ သမားဆိုပြီး တံဆိပ်ကပ်နေတာ။ အကုန်ခက်နေကြပြီ” ဟု UMFCCI မှ ရန်ကုန်စီးပွားရေးသမားတစ်ဦးက ဆိုသည်။
လက်ရှိတွင် ဆန်စျေးနှုန်း မတက်စေရန် စစ်တပ်က ပြည်ပသို့ ဆန်တင်ပို့မှု ပိတ်ခြင်း၊ စျေးဆိုင်များတွင် ဆန်စျေးနှုန်းများ တင် မရောင်းရန် ညွှန်ကြားချက်များ ထုတ်ပြန်ထားပြီး ယခုနောက်ဆုံးတွင် ကုန်သည်နှင့် စီးပွားရေးသမားများကို ခေါ်ယူ၍ ခြိမ်းခြောက်မှုများ လုပ်ဆောင်လာခြင်းဖြစ်သည်။
အကြမ်းဖက်စစ်ကောင်စီက စျေးနှုန်းတက်နေသည်ဟုဆိုကာ ရွှေကုန်သည်၊ ဒေါ်လာကုန်သည်၊ ပို့ကုန်သမားများ၊ စားအုန်းဆီတင်သွင်းသူများအပါအဝင် စီးပွားရေးသမား ၂၀၀ နီးပါးကို ဖမ်းဆီး စစ်ဆေး အရေးယူမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။