ချင်းပြည်နယ်တောင်ပိုင်း မတူပီ – ပလက်ဝ လမ်းကြောင်းပေါ်က စစ်ကောင်စီတပ်စခန်း ဂိတ်တစ်နေရာကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့- မတူပီ(CDF – Matupi) က ဒီကနေ့ စက်တင်ဘာလ (၄) ရက်နေ့ မနက်ပိုင်းက ဝင်ရောက်ပစ်ခတ်ခဲ့ပြီး အပြန်အလှန် တိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ CDF – Matupi ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က (၃) ဦး ထိခိုက်ဒဏ်ရာရရှိ ခဲ့ပြီး ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ ဘက်က အထိခိုက်မရှိ ပြန် ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
မတူပီ – ပလက်ဝ လမ်းကြောင်းပေါ်က စစ်ကောင်စီ ခလရ – ၃၀၄ တပ်စခန်း ဂိတ်ကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီက ဒီကနေ့မနက် ၈ နာရီခွဲ ဝန်းကျင်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး နှစ်ဘက်အပြန်အလှန်တိုက်ခိုက်မှု နာရီဝက် ကြာခဲ့တယ်လို့ CDF – Matupi ကထုတ်ပြန်ထားပါတယ်။
အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုအပြီး စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်း ပစ်ခတ်မှုတွေ လုပ်တာဖြစ်လို့ ပြည်သူတွေအနေနဲ့ အသွားလာ သတိထားကြဖို့ကိုပါ CDF – Matupi က ထုတ်ပြန်ထားပါတယ်။