ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဌာနချုပ် လိုင်ဇာအနီး ဒေသများ၌ ယနေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေသည်ဟု ကချင်သတင်းရင်းမြစ်နှင့် ဒေသခံက ပြောသည်။
ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ဒေသသို့ စစ်ကောင်စီတပ်က ဇူလိုင်လဆန်းမှစ၍ ထိုးစစ်ဆင်လာခြင်းကြောင့် မြစ်ကြီးနား – ဗန်းမော်လမ်းတလျှောက်အပါအဝင် ဒေသတွင်း၌ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်သည်။
“တိုက်ပွဲဖြစ်နေတယ်။ မဒီးယန်နဲ့ ဒဘတ်ယန် ၂နေရာဖြစ်တာ။ သူတို့လှုပ်ရှားလာ”ဟု ကချင်သတင်းရင်းမြစ်က ယနေ့ နေ့လယ်ပိုင်း၌ ပြောသည်။
ကချင်ဒေသခံတစ်ဦးကလည်း “အဲဒီ ဘက်က ပြန်လာတဲ့ သူတွေကတော့ ပြောတာပဲ။ မနေ့ကလည်း ပြင်းထန်ကြတယ်။ အခုလည်း ပြင်းနေကြတာပဲ။ အခြေအနေ အသေးစိတ်တော့မသိရသေးဘူး။အခု ဒဘတ်ယန်ကလူတွေပြန်လာတာ။ အဲဒီဘက်မှာလည်း ဖြစ်နေတာ” ဟု ပြောသည်။
KIAနှင့် စစ်ကောင်စီတပ်တို့သည် ယမန်နေ့ကလည်း ဝိုင်းမော်မြို့နယ် ဆမားလမ်းခွဲတွင် တိုက်ပွဲပြင်းထန်ခဲ့သည်ဟု ဒေသခံက ပြောသည်။
KIAနှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်အတွင်း၌လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။