စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ(၂၇)ရက်နေ့တုန်းက လုံခြုံရေးကိုအကြောင်း ပြပြီး စစ်ဆေးရေးတွေ လုပ်ဆောင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အသက် ၃၀ ခန့်အရွယ်ချင်းအမျိုးသမီးတစ်ယောက်ကို ရိုက်နှက်ခဲ့ကြပြီး ရိုက်နှက်ခံရတဲ့သူဟာ ယမန်နေ့ စက်တင်ဘာလ (၅)ရက်နေ့ ညနေပိုင်းမှာတော့ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးသွားပြီလို့ သိရပါတယ်။
ပြည်တော်သာကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၀ ခန့် မဒိုဒိတ်ဟွဲနဲ့ သူငယ်ချင်းဖြစ်သူဟာ ကလေးမြို့ ကိုလာတဲ့အချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သူတို့စီးလာတဲ့ ဆိုင်ကယ်နဲ့ဖုန်း၊ ပိုက်ဆံအိတ်တို့ကို သိမ်းဆည်းခဲ့ပြီး မဒိုဒိတ်ဟွဲကို ရိုက်နှက်ခဲ့တဲ့အပြင် ပိုက်ဆံ(၅၀၀၀၀)နဲ့ ဆိုက်ကယ်နဲ့ဖုန်းကို နောက်နေ့ လာရွေးဖို့ကိုလဲ ပြောဆိုသွားကြတယ်လို့ ဒေသခံတစ်ယောက်က အခုလိုပြောပါတယ်။
“တော်တော်လေးအရိုက်ခံရတာ၊ ပြီးတော့ ဆိုင်ကယ်ကိုလဲ (၅၀၀၀၀)နဲ့လာရွေးဖို့ကိုလဲပြောတာပေါ့ အရိုက်ခံရတဲ့သူက နောက်နေ့မနက် ဆိုင်ကယ်နဲ့ဖုန်းကို(၅၀၀၀၀)နဲ့သွားရွေးမယ့်မနက်မှာပဲ ထမင်းစား နေတဲ့အချိန် ခေါင်းတွေကိုက်ခဲတယ်၊ နားရွက်ကနေလဲ သွေးတွေထွက်တာ အဲ့တာကြောင့် ကလေးမြို့ပေါ်က ဆေးရုံတင်လိုက်ရတယ် ”လို့ ပြောပါတယ်။
ကလေးမြို့ပေါ်ကဆေးရုံမှာ ဆေးကုသနေတဲ့အချိန် သူ့ရဲ့အနာဟာ သက်သာလာတာမရှိတဲ့အတွက် မန္တလေးမြို့က ဆေးရုံတွေကိုလွဲပြီး မန္တလေးကိုသွားနေတဲ့အချိန်လမ်းပေါ်မှာပဲ ရရှိထားတဲ့ ဒဏ်ရာ ကြောင့် စက်တင်ဘာလ (၅)ရက်နေ့ ညနေပိုင်းမှာတော့ သေဆုံးသွားပြီလို့သိရပါတယ်။
အလားတူပင် ပြီးခဲ့တဲ့ ဩဂုတ်လ(၂၇)ရက်နေ့တုန်းကလဲ ကလေးမြို့ကနေ တာဟန်းဖက်ကိုလာတဲ့ အမျိုးသမီး(၂) ယောက်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်လိုင်စင်မပါတာကို အကြောင်းပြပြီး ငွေညစ်ခဲ့တယ်လို့ ကလေးမြို့ဒေသခံတစ်ယောက်ကပြောပါတယ်။
“ ဒီဗိုလ်ချုပ်လမ်းမကြီးပေါ်မှာပဲ စစ်သားကော၊ ရဲကောပါတဲ့အဖွဲ့ကပေါ့ လိုင်စင်မပါလို့ဆိုပြီး ပိုက်ဆံ(၅) သိန်းတောင်းတယ်၊ အခုချက်ချင်းပေးပေါ့ ၊ မပေးရင်ဖမ်းမယ်ဆိုပြီး လက်ထိပ်လဲခတ်တယ်ပေါ့၊ (၅)သိန်းမရှိဘူး၊ ရှိတဲ့(၃)သိန်းကိုပဲယူကြဆိုတော့ ပြန်လွှတ်ပေးကြတယ်”လို့ပြောပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ အာဏာသိမ်းပြီး(၁)နှစ်အကျော် ၂၀၂၂ခုနှစ် နှစ်လယ်ပိုင်း လောက်ကစပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖြတ်သန်းသွားလာနေကြတဲ့ ဒေသခံပြည်သူတွေကို အတင်းငွေညစ်တာတွေ ပိုမိုလုပ်ဆောင်နေကြပြီး အဲ့ဒီအဖွဲ့ထဲမှာ ပျူစောထီးအဖွဲ့တွေလဲ ပါတယ်လို့ ဒေသခံတွေက ပြောပါတယ်။