ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း ပဲခူးတိုင်း PDF မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောဆိုသည်။
စက်တင်ဘာလ ၁ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ်တွင် ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ် ကွင်းကျယ်မှ ညံလယ်ရွာသို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း စစ်သား ၂ ဦး လွင့်စင်သွားပြီး ကျန် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် တော်လှန်ရေး တပ်ဖွဲ့များကို ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်သားများသည် မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် ညံလယ်ရွာနှင့် ဆင်ဝိုင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာလုံးကျွတ်နီးပါး မီးလောင် ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။
တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု အခြေအနေကို စုံစမ်းဆဲဖြစ်ပြီး ယင်းတိုက်ခိုက်မှုကို သာယာဝတီတပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၄၊ MRF – NATTALIN တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြည်သူများ အနေဖြင့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ၏ အနီးအနားတွင် နီးကပ်စွာနေထိုင်ခြင်း၊ ပူးတွဲသွားလာခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းများ မပြုလုပ်ရန် အသိပေးကြောင်းနှင့် စစ်တပ်၏ ဒေါက်တိုင်များ၊ ခြေကုတ်စခန်းများနှင့် ရန်သူ့စစ်ကြောင်းများကို အချိန်မရွေးပစ်ခတ် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း MDF – Nattalin က ထုတ်ပြန်ထားသည်။