ကချင်ပြည်နယ် ဗန်းမော်မှ မြစ်ကြီးနားမြို့ဘက်သို့လာသည့် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယမန်နေ့ညပိုင်း၌ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ထိခိုက် သေဆုံးမှုရှိခဲ့သည်ဟု ကချင်ဒေသစစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စက်တင်ဘာ ၄ရက် ညပိုင်းတွင် ဗန်းမော်မှလာသည့် စစ်ကား ၁၁စီးပါ ယာဉ်တန်းကို မိုးမောက်မြို့နယ် ဒါဆိုင်းရွာအနီး တာပိန်မြစ်တံတား၌ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“မနေ့ ည ဗန်မော်ဘက်က မြို့သစ် ကုန်းလော ဘက်တက်လာသော စကစ ယာဥ်တန်း ကား ၁၁ စီးကို ဒါဆိုင်းနဲ့ တာပိန် မြစ်တံတား KIAမှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်။ကားတစ်စီးမှောက်၊ တစ်စီး မြစ်ထဲထိုးကျ။ စစ်ကောင်စီ ၉ဦး ဒဏ်ရာရပြီး ၄ဦးသေတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
အဆိုပါ စစ်ကောင်စီယာဉ်တန်းသည် တိုက်ပွဲများ ပြင်းထန်နေသည့် မြစ်ကြီးနား – ဗန်းမော်လမ်း နမ့်ဆန်ယန်ဒေသသို့ ဦးတည်နေသည့် စစ်ယာဉ်တန်းလည်း ဖြစ်သည်။