မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချမှု၊ ဘဏ္ဍာရေးနဲ့ သံတမန်ရေးထောက်ပံ့နေတာတွေ လုပ်ဆောင်နေတဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီကို ဖိအားပေးဖို့ G-20 ခေါင်းဆောင်တွေကို Burma Campaign UK က တိုက်တွန်းတောင်းဆိုလိုက်ပါတယ်။
ထိပ်တန်းနိုင်ငံပေါင်း ၁၉ နိုင်ငံနဲ့ ဥရောပသမဂ္ဂ(အီးယူ) တို့ ပူးပေါင်းထားတဲ့ G 20 အဖွဲ့ ထိပ်သီးအစည်းအဝေးပွဲကို အိန္ဒိယနိုင်ငံက အိမ်ရှင်လုပ်ပြီး နယူးဒေလီမှာ စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တွေမှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
၂၀၂၃ နှစ်စပိုင်း မြန်မာ့အရေး ကုလသမဂ္ဂအထူးကိုယ်စားလှယ်ရဲ့ အစီရင်ခံစာမှာ အိန္ဒိယအစိုးရပိုင်နဲ့ ကုမ္ပဏီတွေက ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်ကို ဒေါ်လာ ၅၁ သန်းဖိုးရှိတဲ့ လက်နက် တွေနဲ့ စစ်လက်နက် ထုတ်ကုန်ကြမ်းတွေကို ရောင်းချပေးခဲ့ကြောင်း အတိအကျဖော်ပြပါတယ်။
အိန္ဒိယကုမ္ပဏီတွေက မြန်မာ့လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကို ဖမ်းဆီးနိုင်ရေးအတွက် စစ်ကောင်စီကို နည်းပညာအကူအညီတွေလည်း ပေးခဲ့ကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။
အာဆီယံက ချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီ ချက် ၅ ရပ်မှာ စစ်ကောင်စီ ပိတ်မိနေတာကို ဖြေလျော့ပြီး နိုင်ငံတကာက စစ်ကောင်စီကို တရားဝင်မှုရှိစေဖို့ ကမ္ဘာ့အဆင့် အကာအကွယ်ပေးမှုတွေကိုလည်း အိန္ဒိယကပဲ လုပ်ဆောင်နေကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်တွေမှာလည်း ဒီမိုကရေစီအင်အားကြီးနိုင်ငံဖြစ်ပါလျက် အိန္ဒိယဟာ မြန်မာစစ်ကောင်စီကို မျက်နှာသာပေးစေတဲ့ မဲပေးမှုတွေသာ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်အာဏာမသိမ်းမီကတည်းက ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုကို ကျူးလွန်ခဲ့တာထင်ရှားပေမယ့် အိန္ဒိယဟာ ဒီစစ်တပ်ကို လက်နက်တွေ ဆက်လက် ရောင်းချပေးနေခြင်းဟာ လက်မခံနိုင်စရာ လုပ်ရပ်ဖြစ်တယ်လို့ Burma Campaign UK က ထုတ်ပြန်ခဲ့တယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးတော့လည်း စစ်ကောင်စီဟာ ပြည်သူတွေကို သတ်ဖြတ်၊ စာသင်ကျောင်း၊ သာသနာရေးအဆောက်အအုံတွေ၊ ဆေးရုံတွေကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတာ ကုလသမဂ္ဂ စုံစမ်းရေးအစီရင်ခံစာမှာ ပေါ်လွင်နေပေမယ့် အိန္ဒိယအစိုးရဟာ စစ်ကောင်စီအတွက် ဘဏ္ဍာရေး၊ လက်နက်၊ သံတမန်ရေးအဘက်ဘက်က ကူညီပေးနေလို့ နိုင်ငံခေါင်းဆောင်တွေအားလုံးက မိုဒီကို ဖိအားပေး ကြဖို့ လူ့အခွင့်အရေးအဖွဲ့ Burma Campaign UK အမှုဆောင်ဒါရိုက်တာ အန်နာရောဘတ်က ထုတ်ပြန် တိုက်တွန်းသွားခဲ့ပါတယ်။