ကရင်ပြည်နယ်၊ မြဝတီမြို့ ခရိုင်ရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် တော်လှန်ရေးတပ်တွေ သိမ်းယူထားတဲ့ လက်ခတ်တောင် တာဝါတိုင် စခန်းကုန်းကို လေကြောင်းက ဗုံးကြဲပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ် တုန့်ပြန် တိုက်ခိုက်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေထံက သိရပါတယ်။
စက်တင်ဘာ ၃ ရက်နေ့က မြဝတီမြို့မရဲစခန်းကို တိုက်ခိုက်တဲ့ ဒရုန်းဟာ လက်ခတ်တောင်က လာတယ်လို့ ယူဆပြီး မနေ့၊ စက်တင်ဘာ ၄ ရက်နေ့မှာ လက်ခတ်တောင်ကို လေကြောင်းက ဗုံး ၃ ကြိမ်ကြဲကာ လက်နက်ကြီးတွေ ဆက်တိုက် ပစ်ခတ် တုန့်ပြန်ခဲ့တာလို့ သိရပါတယ်။
“အခုရက်ပိုင်းတော့ သူတို့ဘက်က ဝေဟင်ပစ်ကူ လာတယ်။ လက်နက်ကြီးပစ်တယ်။ အောက်ကနေတော့ သတိရရင် ရသလို လက်နက်ငယ်နဲ့ ပစ်တယ်ဗျ” လို့ စစ်ရေးသတင်းရင်းမြစ် တစ်ဦးက လက်ခတ်တောင် အခြေအနေကို ပြောပါတယ်။
အခုလို စစကောင်စီရဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေကြောင့် လက်ခတ်တောင်ပေါ်မှာရှိတဲ့ ဘာသာရေး အဆောက်အအုံ နေရာ ၃ ခုမှာ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပြီး လူထိခိုက်မှုတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီ ၀ါဒဖြန့် ချယ်နယ်တွေမှာတော့ အမျိုးသမီး လေယာဉ်မှူးတွေပါတဲ့ SU-30 ဂျက်ဖိုက်တာတွေနဲ့ မြဝတီမြို့နယ်ထဲက မဲကနယ်၊ ကွင်းကလေး၊ မေတ္တာလင်းမြိုင်ကျေးရွာတွေကို လေကြောင်းက ဗုံးကြဲခဲ့တယ်လို့ ဖော်ပြနေပေမယ့် မဲခေါင်သတင်းဌာန အနေနဲ့ မြေပြင်မှာ အတည်ပြုနိုင်တာ မရှိသေးပါဘူး။
ခရိုင်ရဲစခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက်ပိုင်း မြဝတီမြို့တွင်းက ဌာနဆိုင်ရာရုံးတွေ အပါအဝင် လမ်းမနဲ့ လမ်းဆုံ နေရာတွေမှာ စစ်ကောင်စီ လက်အောက်ခံ ရဲနဲ့ နယ်ခြားစောင့်တပ်တွေပါဝင်တဲ့ လုံခြုံရေးတွေ တိုးမြှင့်ချထားတယ်လို့ မြဝတီမြို့မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
စက်တင်ဘာလ ၃ ရက်နေ့ ဖြစ်ပွားတဲ့ ရဲစခန်း တိုက်ခိုက်ခံရမှု အတွင်း မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး အပါအဝင် စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်း ၅ ဦးသေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။