စစ်ကိုင်းတိုင်း၊ ကနီမြို့အခြေစိုက်၊ ယင်းမာပင်ခရိုင်တပ်ရင်း၂၁ က ဒုတပ်စိတ်မှူး သက်ပိုင်စိုး (ခ) မှုံကြီးဟာ စက်တင်ဘာ ၄ ရက် မနက် ၉နာရီကျော်မှာ မိုင်းမတော်တဆဖြစ်ပြီး ကျဆုံးခဲ့ပါတယ်။
ဒုတပ်စိတ်မှူး သက်ပိုင်းစိုးဟာ ရဲဘော် ၅ ဦးနဲ့အတူ စစ်ကောင်စီတပ်သွားလာမယ့် လမ်းကြောင်းမှာ မိုင်းထောင်နေချိန်မှာ မိုးရွာခဲ့တာကြောင့် မိုင်းနဲ့ ဘတ္ထရီတွဲတဲ့အချိန် ဝါယာရှော့ဖြစ်ကာ ပေါက်ကွဲသွားတာလို့ ကျောက်လုံးကြီး KLG တပ်မဟာ ပြန်ကြားရေး တာဝန်ခံ ATက ပြောပါတယ်။
ကျောက်လုံးကြီး KLG တပ်မဟာဆိုတာ ယင်းမာပင်ခရိုင်တပ်ရင်း ၂၁၊ ၂၂၊ ၂၃တို့နဲ့ပူးပေါင်းထားတဲ့ တပ်မဟာဖြစ်တာကြောင့် ရဲဘော်သက်ပိုင်စိုးရဲ့ နာရေးကိုတော့ တပ်ရင်း ၃ ရင်းက ရဲဘော်တွေ အပါအဝင် ဒေသခံပြည်သူတွေ အင်အား ၁၅၀ကျော်နဲ့ မနေ့က နေ့လယ် ၂နာရီကျော်မှာပဲ မီးသင်္ဂြိုဟ်ပေးခဲ့တယ်လို့ ATက ပြောပါတယ်။
ရဲဘော် သက်ပိုင်စိုးဟာ မင်းကင်းမြို့ နယ်ဇာတိဖြစ်ကာ KLG တပ်မဟာမှာ ဝင်ရောက်တာဝန်ထမ်းဆောင်နေတာ ၂ နှစ်ကျော်ရှိပြီဖြစ်တယ်လို့ ဆိုပါတယ်။
စစ်အာဏာသိမ်းချိန် နွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးကာလတလျှောက် ကျောက်လုံးကြီး KLG တပ်မဟာက ကျဆုံးရဲဘော်စုစုပေါင်း ၂၅ ဦးရှိပြီလို့သိရပါတယ်။