ကရင်နီပြည်နယ်မှာ နှစ်ပေါင်း ၇၀ ကျော် ကြာမြင့်နေပြီဖြစ်တဲ့ စစ်အာဏာရှင် တော်လှန်ရေးကို အရှိန်မြှင့်မယ်လို့ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ-KNPP က ပြည်သူတွေကို အသိပေး ပြောဆိုလိုက်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ (၇၅) နှစ်ပြည့် ကရင်နီ အာဇာနည်နေ့ အတွက် KNPP ဗဟိုဌာနချုပ်ကနေ မနေ့က ထုတ်ပြန်လိုက်တဲ့ သ၀ဏ်လွှာမှာ အခုလို ထည့်သွင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၇၅ နှစ်က စတင်လာတဲ့ လက်နက်ကိုင် တော်လှန်ရေး ခရီးကြမ်းအတွင်း သူရဲကောင်း မြောက်များစွာ ပေါ်ထွန်းခဲ့သလို လက်ရှိ တော်လှန်ရေး ကာလမှာလည်း ပေါ်ထွန်းလာတဲ့ သူရဲကောင်းတွေ အနေနဲ့ မိမိတို့ လိုလားတဲ့ ပန်းတိုင် မရောက်မချင်း ဆက်လက် တိုက်ပွဲ၀င်ကြဖို့ KNPP က တိုက်တွန်းပါတယ်။
ကရင်နီပြည်နယ်အတွင်း လက်ရှိ တိုက်ပွဲတွေကြား စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက် သတ်ဖြတ်မှုတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူ ၂ သိန်းကျော် အတွက် စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်ပြီး အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ဖို့ တော်လှန်ရေး အဖွဲ့အစည်း အသီးသီးနဲ့ လက်တွဲ တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီကနေ့ စက်တင်ဘာ ၈ ရက်မှာ ကျရောက်တဲ့ (၇၅) နှစ်ပြည့် ကရင်နီ အာဇာနည်နေ့ အခမ်းအနားကို ကရင်နီ တပ်မတော် ဌာနချုပ်မှာ ကျင်းပရာ KNPP ဗဟိုအတွင်းရေးမှူး (၂)၊ KA စစ်ရေးချုပ်၊ KA တပ်ရင်း (၂) နဲ့ (၃)၊ ကရင်နီ အမြဲတမ်း ပြောက်ကျားတပ်ဖွဲ့၊ အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့တွေ၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF နဲ့ ပြည်သူတစ်ချို့ တတ်ရောက်ခဲ့ပြီး ကျဆုံး အာဇာနည်တွေကို ဂုဏ်ပြု အလေးပြုကာ လွမ်းသူ့ပန်းခွေချခဲ့တယ်လို့ ကရင်နီ တပ်မတော် ပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။