ဒီကနေ့ စက်တင်ဘာလ (၈) ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ခုခံ တွန်းလှန်စစ် (၂) နှစ်ပြည့်နေ့မှာ စစ်ကျွန်ဘဝကလွတ်မြောက်ရေး ခေတ်အဆက်ဆက် ကြိုးပမ်းခဲ့ ကြတဲ့ လူငယ်မျိုးဆက်တွေကို ဂုဏ်ပြုဦးညွှတ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားလိုက်ပါတယ်။
အကြမ်းဖက်စစ်တပ်ရဲ့ အာဏာလောဘ၊ ကိုယ်ကျိုးစီးပွါးလောဘက တိုင်းပြည်ကို ဖျက်ဆီးပစ်ခဲ့ပြီး လူငယ်တွေက အနာဂတ်ပျောက်ခဲ့ရတာဖြစ်ပါတယ်။
“စစ်ကျွန်ဘဝဆိုတာ အင်မတန်လူဖြစ်ရှုံးတယ်။ စစ်ဖိနပ်အောက်မှာ လူ့ဂုဏ်သိက္ခာ ကင်းမဲ့ခဲ့ ရတယ်။ လူဖြစ်ရှုံးတဲ့ဘဝမှာ ဒူးထောက်အညံ့ခံပြီး နေသာသလိုနေမလား ဆုံးရှုံးနေတဲ့ လူ့ဂုဏ်သိက္ခာကို ပြန်ရအောင်တိုက်ယူမလား လူငယ်တွေ ရွေးချယ်ကြရတယ်” လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
သိန်းသန်းချီတဲ့ မြန်မာလူငယ်တွေက ဒုတိယလမ်းကို ရွေးခဲ့ကြပြီး လူငယ်တွေရဲ့ ဦးဆောင်ပါဝင်မှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ထူထောင်ခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။
အခုလို ပြည်သူ့ခုခံတွန်းလှန်စစ် (၂)နှစ်ပြည့်ချိန်မှာ တော်လှန်ရေးက အလှည့်အပြောင်းတစ်ခုဆီ ရောက်ရှိခဲ့ပြီလို့ သိရပါတယ်။
“အရေးကြီးဆုံးက COC အောက်ရောက်ပြီးသား တပ်ဖွဲ့တွေရဲ့ တိုက်စွမ်းရည်ကို ငါတို့မြှင့်တင် ကြရလိမ့်မယ်။ဒီ့အတွက် တပ်ရင်းတပ်ဖွဲ့၊ စစ်ကြောင်းနဲ့ဗျူဟာတွေရဲ့ စုဖွဲ့မှုပိုကောင်းရလိမ့်မယ်၊ လေ့ကျင့်မှု ပိုကောင်းရ လိမ့်မယ်၊ အမိန့်ပေးအမိန့်နာခံမှု ပိုကောင်းရလိမ့်မယ်၊ လက်နက်နဲ့ဗျူဟာ ပိုကောင်းရ လိမ့်မယ်” လို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး က ဆက်ပြောပါတယ်။
ဒါ့ကြောင့် ရဲဘော်တစ်ယောက်ချင်း စိတ်ဓာတ်ခိုင်မာဖို့နဲ့ တော်လှန်ရေး အပေါ် ဆုံးဖြတ်ချက်ချပြီး တော်လှန်ရေးမအောင်မချင်း ငါပါဝင်မယ်ဆိုတဲ့ သံဓိဌာန် ခိုင်သထက် ခိုင်အောင် ချရလိမ့်မယ်လို့ ဝန်ကြီးက ဆိုပါတယ်။