ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီနေ့ကျရောက်တဲ့ (၇၅) နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့သို့ သဝဏ်လွှာပေးပို့လိုက်ပါတယ်။
သဝဏ်လွှာထဲမှာ အာဇာနည်သူရဲကောင်းအပေါင်းတို့ အကြီးမားဆုံးနဲ့ အမွန်မြတ်ဆုံးသော ပေးဆပ်အနစ်နာ ခံမှုများအား တန်ဖိုးထားလေးစားလျက် မပြီးပြတ်သေးသော သမိုင်းပေးတာဝန်များအား ဒီမိုကရေစီခရီးဖော် များအနေနဲ့ စည်းလုံးခိုင်မာသောညီညွတ်မှုအားအင်နဲ့ အောင်မြင်မှုအသီးအပွင့်များ လက်ဝယ်ပိုင်ဆိုင်နိုင် တဲ့အထိ စွမ်းစွမ်းတမံ ကြိုးစားထမ်းဆောင်သွားကြပါစို့လို့ သဝဏ်လွှာထဲမှာ တိုက်တွန်းဖော်ပြထားပါတယ်။
ဒါအပြင် သမိုင်းတလျှောက်လုံးမှာ အာဏာရှင်အဆက်ဆက်တို့က တိုင်းရင်းသားပြည်သူအားလုံးတို့ရဲ့ လွတ်လပ်မှုနဲ့တန်းတူမှု စံနှုန်းတန်ဖိုးများအား လက်နက်အားကိုးပြီး သွေးခွဲဖျက်ဆီးကာ ကိုယ်ကျိုးစီးပွား အတွက်သာ ရှေးရှုလုပ်ဆောင်ခဲ့ကြတဲ့အတွက် တိုင်းရင်းသားအားလုံးတို့ရဲ့ မွေးရာပါအခွင့်အရေးများ ဆုံးရှုံးနစ်နာခဲ့ကြရပြီး ဖိနှိပ်မှုများစွာနဲ့ ရှင်သန်နေထိုင်ခဲ့ကြရတယ်လို့ ဖော်ပြထားပါတယ်။
ယခုနွေဦးတော်လှန်ရေးမှာ ကရင်နီတိုင်းရင်းသားတို့အပါအဝင် နိုင်ငံတဝှမ်းရှိ တိုင်းရင်းသားပြည်သူများက နိုင်ငံရေးနဲ့ တော်လှန်ရေးအသိ၊ သတိတို့ ပိုမိုရှင်သန်လာကြကာ အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး အတွက် အရှိန်အဟုန်ကောင်းစွာ စုစည်းကျစ်လစ်မှု ခိုင်မာစွာနဲ့ ခုခံတော်လှန်နေတာ သာမက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းစဥ်များကိုလည်း လက်တွေ့ကျကျ ဖော်ဆောင်နေ တဲ့ အတွက်လွန်စွာ ဂုဏ်ယူအားတက်ရတယ်လို့ ဖော်ပြထားပါတယ်။
၁၉၄၈ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့မှာ နယ်ချဲ့ဖဆပလအစိုးရရဲ့ လုပ်ကြံမှုကြောင့် ကရင်နီအမျိုးသားအစည်းအရုံးဥက္ကဋ္ဌ၊ ခုခံတော်လှန်ရေးခေါင်းဆောင် ဂိုဘီတူရီ ကျဆုံးခဲ့သောနေ့ အထိမ်းအမှတ်အဖြစ် ကရင်နီအမျိုးသားအာဇာနည်နေ့အား နှစ်စဥ် ကျင်းပဂုဏ်ပြုခဲ့ရာ ဒီနေ့က ၇၅ နှစ် တိုင်ခဲ့တာလည်း ဖြစ်ပါတယ်။