ရခိုင်ပြည်နယ်၊ မောင်တော-ဘူးသီးတောင်လမ်းပေါ်ရှိ မောင်တော ၆ မိုင်စခန်းမှာ စက်တင်ဘာလ ၇ ရက် ည ၇ နာရီကျော်လောက်က ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်သား တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မောင်တောဒေသခံတဦးက “မနေ့က ည ၇ နာရီကျော်မှာ ၆ မိုင်ဂိတ်ကို ဆိုက်ကယ်နဲ့ လူနှစ်ယောက် ဖြတ်တဲ့အချိန်မှာ စစ်ဆေးရေးဂိတ်က လှမ်းပစ်တော့ ဆိုင်ကယ်ပေါ်က ပြန်ပစ်တဲ့အတွက် စစ်သားတယောက် ဒဏ်ရာရသွားတယ်” လို့ ပြောပါတယ်။
မောင်တော-ဘူးသီးတောင်လမ်းရှိ ၆ မိုင်စစ်ဆေးဂိတ် နှစ်ခုရှိပြီး အခုလို ပစ်ခတ်မှုဖြစ်ခဲ့တဲ့ ၆ မိုင် စခန်းဟာ မောင်တောဘက်က ၆ မိုင်စခန်းဖြစ်ပြီး ဒီဂိတ်မှာ ည ၇ နာရီနောက်ပိုင်း ဆိုင်ကယ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်ထားပါတယ်။
စစ်ရေးလေ့လာသူ မောင်တောဒေသခံတစ်ဦးက “အခုပစ်ခတ်မှုက လက်နက်ကိုင်အဖွဲ့တွေ မဖြစ်နိုင်ပါဘူးဗျ။ မူးယစ်ဆေးလုပ်တဲ့အဖွဲ့တွေ ဖြစ်နိုင်ပါတယ်”လို့ ခန့်မှန်းပြော ဆိုပါတယ်။
ပစ်ခတ်မှုဖြစ်ပြီး စစ်ကောင်စီတပ်သားတယောက် ဒဏ်ရာရရှိခဲ့တာကြောင်း ဒီနေ့ မနက်ပိုင်းမှစပြီး စစ်ကောင်စီတပ်တွေ ကားနဲ့ရော ခြေလျင်နဲ့ပါရောက်လာပြီး အနီးနားက ၄ မိုင် ၃ မိုင် စတဲ့ လူနေကျေးရွာတွေကို လှည့်ပတ်ရှာဖွေနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။