ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ မူတြော်(ဖာပွန်)ခရိုင်အတွင်း၌ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့ကြောင်း Karen Peace Support Network က ယနေ့ ထုတ်ပြန်သည်။
စက်တင်ဘာ ၇ရက်တွင် ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်အတွင်း စစ်ကောင်စီက လေကြောင်း တိုက်ခိုက်၍ ရွာသား လေးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။
KNUဗဟိုကလည်း တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင် လေကြောင်းတိုက်ခိုက်ခံရမှုသတင်းကို ထုတ်ပြန်ထားရာ လူသောမြို့နယ်အတွင်းရှိ သေသူးခီးရွာနှင့် လယ်မူပလောရွာအတွင်းသို့ စစ်ကောင်စီတပ်က စက်တင်ဘာ ၇ရက်တွင် လေကြောင်းတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။
ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သား တစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်များပျက်စီးကာ အိမ်မွေးတိရစ္ဆာန်အချို့ သေဆုံးခဲ့သည်ဟု ဆိုသည်။
အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးရမှု ဓာတ်ပုံမှတ်တမ်းများကိုလည်း KNU က ထုတ်ပြန်ခဲ့သည်။