ရန်ကုန်မြို့၊ ပြည်သူ့ရင်ပြင်ရှေ့ရှိ စစ်ကောင်စီ၏ ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးစိုက်ရာ လွှတ်တော်ဝင်းအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူက ပြောကြားခဲ့ပါသည်။
“ကျနော်တို့က ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်ရတဲ့အတွက် မြို့ပြမှာ ရန်သူရဲ့ အုပ်ချုပ်ရေး၊ စစ်ရေး၊ စီးပွားရေး ယန္တရားတွေ လုံးဝ လည်ပတ်လို့မရအောင် နည်းလမ်းပေါင်းစုံနဲ့ တိုက်ခိုက်နေမှာဖြစ်တယ်၊ အကြမ်းဖက်စစ်ကောင်စီပြုတ်ကျသွားတဲ့အထိ တော်လှန်တိုက်ပွဲဝင်သွားမှာဖြစ်တယ်”ဟု ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယနေ့(စက်တင်ဘာ ၉ရက်) နံနက် ၄ နာရီခွဲခန့်တွင် လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်မှတ်ကို ထိရောက်ပေါက်ကွဲခဲ့ကြောင်း ၎င်းက ပြောသည်။
အဆိုပါလွှတ်တော်ဝန်းအတွင်း တပ်အပြောင်းအရွှေ့လုပ်ထားသည်မှာ မကြာသေးကြောင်းလည်းသိရပြီး တိုက်ခိုက်မှုကြောင့် ထိခိုက်မှုတစ်စုံတစ်ရာရှိနိုင်ကြောင်းနှင့် လွှတ်တော်ဝန်းအတွင်းသို့ DC နှစ်စီး၊ မီးတန်းတစ်စီး၊ Faw တစ်စီးဝင်သွားကြောင်းမျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရသိရသည်ဟု ၎င်းက ဆိုသည်။