စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင် ပိုက်ကျော်ခြင်းကွင်းအတွင်း စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိ၍ ဒေသခံပြည်သူတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့ (စက်တင်ဘာ ၈ ရက်)က ညနေ ၄နာရီခန့်က ဝက်လက်မြို့နယ်၊ စခန်းသာကျေးရွာအရှေ့ပိုင်း စာသင်ကျောင်းမြောက်ဘက်ရှိ ပိုက်ကျော်ခြင်းကွင်း၌ အမျိုးသားတစ်ဦး နင်းမိုင်းနင်းမိ၍ သေဆုံးခဲ့ကြောင်း ကင်းထောက်မြေပြင်သတင်းအဖွဲ့မှ ဗိုလ်ကင်းက ပြောသည်။
“တစ်ယောက်ထဲ ခြင်းကွင်းမှာ ခြင်းလုံးခတ်စမ်းရာက နင်းမိုင်း နင်းမိတာ။ စစ်တပ်က ထောင်ထားခဲ့တဲ့မိုင်းပါ။ ၄ ရက်နေ့က ထိုးတဲ့စစ်ကြောင်းက ထောင်သွားတာ။”ဟု ဗိုလ်ကင်းက ပြောသည်။
မိုင်းထောင်ခဲ့သော စစ်ကောင်စီတပ်သည် အဆိုပါကျေးရွာမှ ဆားတောင်ကြီးကျေးရွာသို့ စစ်ကြောင်းထပ်ထိုးပြီးနောက် နေအိမ် နှစ်လုံး မီးရှို့ဖျက်ဆီးသွားသည်ဟု ဆိုသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီစစ်ကြောင်းထွက်သွားပါက နင်းမိုင်းများရှိနိုင်၍ အလျင်စလိုဝင်ရောက်ခြင်းမပြုကြရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးသည်။
စက်တင်ဘာ ၇ရက်ကလည်း စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် ဖိုး၀င်းတပ်ကျေးရွာမှ အိမ်ခြေ ၁၁လုံးအား မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ တစ်ဦးအား သတ်ဖြတ်ခဲ့ကြောင်း ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ပြောသည်။
လက်ရှိတွင် ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကောင်စီတပ်က စစ်ကြောင်းများထိုးနေ၍ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရကြောင်း၊ အခြေခံစားနပ်ရိက္ခာ၊ ဆေးဝါးနှင့်ဓာတ်ဆားများ လိုအပ်နေကြောင်း ဒေသခံများက ပြောသည်။