ပဲခူးတိုင်း၊သာယာဝတီခရိုင်၊မင်းလှမြို့နယ်၊ ရိုးမဖြတ်ကျော်လမ်း ခါချဥ်တောင်ပေါ်မှာ ကတုတ်ကျင်းတွေ တူးပြီး အခိုင်အမာ တပ်ဆွဲထားတဲ့ အကြမ်းဖက် စစ်တပ်ရဲ့ ခါချဥ်တောင် စခန်းကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
တိုက်ခိုက်သိမ်းပိုင်းပိုက်ပြီးနောက် ရန်သူစခန်းကို မီးရှို့ဖျက်ဆီး ခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ရဲ့ တပ်ခွဲ ၅ က ဒီနေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီအကြမ်းဖက် တပ်စခန်းကို စက်တင်ဘာ ၉ ရက် ည ၁၀ နာရီ အချိန်မှာ သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်က လက်နက်ကြီး၊ လက်နက် ငယ်တွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက်စစ်တပ်ဘက်က သေဆုံးမှုရှိနိုင်သော်လည်း အတိ အကျ စုံစမ်းဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အကြမ်းဖက် စစ်တပ်ဘက်က ပြန်လည်ခုခံခဲ့ပေမယ့် PDF တွေရဲ့ ပိတ်ဆို့ တိုက်ခိုက်ခဲ့မှုကြောင့် ရန်သူတပ်တွေ ဆုတ်ခွာထွက်ပြေးသွားပြီး စခန်းကို လက်ရသိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
အဆိုပါ ခါချဥ်တောင်စခန်းဟာ အကြမ်းဖက် စစ်ကောင်စီ လက်ပါးစေ သစ်တော၊ရဲ၊စစ်တပ်တို့ စုပေါင်းစခန်းချထားပြီး၊ ရိုးမအတွင်းက သစ် နဲ့ သစ်တောထွက် ပစ္စည်းတွေအတွက် အကြမ်းဖက် စစ်ကောင်စီကို အခွန်ငွေ ကောက်ခံပေးနေတဲ့ စခန်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။