“ကားထဲက လက်နက်ကြီးကျည်တွေ ဆက်တိုက်ပေါက်ကွဲနေတယ်” – ဒေသခံ
ကချင်ပြည်နယ် မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန်မြို့မှ ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ဘက် ဦးတည်ထွက်ခွာလာသည့် စစ်ကောင်စီယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ယနေ့ နေ့လယ်ပိုင်း၌ တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိပြီး လက်နက်ခဲယမ်းတင်ယာဉ်တစ်စီး ယခု မွန်းလွဲ ၂နာရီခန့်အထိ မီးလောင်ပေါက်ကွဲနေကြောင်း ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်သည် ဒေါ့ဖုန်းယန်မှ စစ်ယာဉ်တန်းများ ထွက်နိုင်ရန် ယမန်နေ့ နံနက်ကတည်းက အနီးဝန်းကျင် ဒေသများသို့ လက်နက်ကြီးများပစ်ခတ်ခဲ့ပြီး ယနေ့နံနက်တွင် နမ့်ဆန်ယန်သို့ ဦးတည်ထွက်ခွာလာခြင်း ဖြစ်သည်။
“ခယားယန်မှာ KIAက လက်နက်ကြီးနဲ့ ပစ်လိုက်တာ။ ခဲယမ်းတင်ထားတဲ့ ကားထိသွားတယ်။ အခု မီးလောင်ပေါက်ကွဲနေတယ်။ ကားက ၂၅စီးပါတာ။ ဖြစ်တာက နေ့လည် ၁၂နာရီမှာ။ အခုထိတော့ လောင်နေဆဲ”ဟု ဒေသခံက ယနေ့ မွန်းလွဲ ၂နာရီခန့်တွင် ပြောသည်။
ဒေသခံကပေးပို့လာသည့် ဓာတ်ပုံတွင်လည်း လမ်းတစ်နေရာတွင် စစ်ကားများကို တွေ့ရပြီး ယင်းစစ်ကားများ၏နောက်တွင် စစ်ကားတစ်စီးမီးလောင်ကာ မီးခိုးများ ထွက်နေသည်ကိုလည်း တွေ့ရသည်။
“ကားထဲက လက်နက်ကြီးကျည်တွေ ဆက်တိုက်ပေါက်ကွဲနေတယ်”ဟု ဒေသခံက ပြောသည်။
အဆိုပါစစ်ယာဉ်တန်းသည် ဗန်းမော်မြို့နယ်မှ လာခြင်းဖြစ်ပြီး ဒေါ့ဖုန်းယန်မရောက်မီ KIAက တိုက်ခိုက်ခဲ့၍ စစ်ကောင်စီကား သုံးစီးခန့် ထိခိုက်ခဲ့သည်ဟု ဆိုသည်။
“အဲဒါကြောင့် မြို့ထဲကို လက်နက်ကြီးထုတာဖြစ်မယ်”ဟု ဒေသခံက ပြောသည်။
စစ်ကောင်စီတပ်က ယမန်နေ့ည ၈နာရီကျော်တွင် ဒေါ့ဖုန်းယန်မြို့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ စာသင်ကျောင်းအတွင်းကျရောက်ပေါက်ကွဲပြီး ဆရာမ နှစ်ဦး ဒဏ်ရာရခဲ့သည်။ စာသင်ကျောင်းလည်း ထိခိုက်ပျက်စီးခဲ့သည်။
စစ်ကောင်စီတပ်သည် KIA ဌာနချုပ် လိုင်ဇာနယ်မြေအနီး နမ့်ဆန်ယန်ကို ဇူလိုင်လဆန်းမှစ၍ ထိုးစစ်ဆင်လျက်ရှိရာ KIA တပ်၏ ပိတ်ဆို့တိုက်ခိုက်မှု၊ ကြားဖြတ်တိုက်ခိုက်မှုများကြောင့် အထိနာလျက်ရှိသည်။