စစ်ကောင်စီ၏ နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုး အပါအဝင် ညွန့်ချုပ်၊ညွန်မှုးများနှင့် စီးပွားရေးလုပ်ငန်းရှင် ၁၀၀ကျော်ကို စစ်ကောင်စီကဖမ်းဆီးလိုက်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။
ဖမ်းဆီးခံရသူများထဲတွင် စစ်ဗိုလ်ချုပ်ရန်နောင်စိုး၊ စားသုံးသူရေးရာညွန့်ကြားရေးမှုးချုပ်၊ ညွန့်ကြားရေးမှုး ၅ ဦး နှင့် ဆန်၊ပြောင်း၊ စားအုံးဆီ၊စက်သုံးဆီနှင့်ဘဏ်လုပ်ငန်းစသည့်တို့မှ လုပ်ငန်းရှင် ၁၀၀ကျော်ကို စစ်ကောင်စီကဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်များကပြောသည်။
“ဒေါ်လာကိစ္စ၊ ပါမစ်ကိစ္စတွေလို့ကြားတယ်။ စားအုန်းဆီလုပ်ငန်းရှင်တွေကို စစ်ရင်း ပေါ်တာလို့ကြားတယ်”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။
အာဏာသိမ်းစစ်ကောင်စီက သွင်းကုန်လိုင်စင်များကန့်သတ်ခဲ့ပြီးနောက် သွင်းကုန်လိုင်စင်ရသူများနှင့် ဗဟိုဘဏ်ဈေးဖြင့်ဒေါ်လာဝယ်ယူခွင့်ရသူများကို ဗိုလ်ချုပ်ရန်နောင်စိုးထောက်ခံချက်ပေးရခြင်းဖြစ်သည်ဟု ၎င်းကရှင်းပြသည်။
စစ်ကောင်စီခန့် ဗိုလ်ချုပ်ရန်နောင်စိုးက စစ်ကောင်စီဖွဲ့စည်းထားသည့် ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီမှာလည်း အတွင်းရေးမှူးရာထူးရယူထားခြင်းဖြစ်သည်။ ၎င်းကို စစ်ကောင်စီက စက်တင်ဘာ ၈ ရက်က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု လုပ်ငန်းရှင်အချို့ကပြောသည်။
ဖမ်းဆီးထားသူများထဲတွင် ပြောင်းနှင့်ဆန်တင်ပို့သူများ၊ စားအုံးဆီ၊ စက်သုံးဆီ တင်သွင်းသူများ၊ ငွေလဲလုပ်ငန်းရှင်များ၊ ရွှေလုပ်ငန်းရှင်များနှင့် ဘဏ်လုပ်ငန်းရှင်များပါဝင်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။ဘဏ်လုပ်ငန်းရှင်များထဲတွင် ဒေါ်လာဈေးဝင်ရောက်ကစားသည့် ဘဏ် ၃ ခုမှ ထိပ်တန်းအရာရှိများပါဝင်သည်ဟု ဘဏ်အသိုင်းအဝိုင်းထံမှသိရသည်။
ဗိုလ်ချုပ်ရန်နောင်စိုးသည် ပို့ကုန်လုပ်ငန်းရှင်များကို နိုင်ငံအတွင်း ပို့ကုန်ရငွေ ဒေါ်လာများပြန်လည် မယူဆောင်လာပါက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ ငွေကြေးလိမ်လည်မှု၊ နိုင်ငံခြားသုံးငွေကြေးကစားမှုတို့ဖြင့်တရားစွဲပြီး ထောင်ဒဏ်၃၅ နှစ်ချမည်ဟု ဩဂုတ် ၁၉ ရက် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။