မီးရထားလမ်း လုံခြုံရေးယူရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းများနှင့် Black Wolf Army PDF ပူးပေါင်းတပ်ဖွဲ့တို့ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် ငါးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွါးခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွါးနိုင်ခြေရှိသည်ဟု Black Wolf Army ၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“ထိတွေ့တိုက်ပွဲတွေက စစ်ကြောင်းထိုးလာချိန်မှာ ဖြစ်တာပါ။ လောလောဆယ်ကတော့ စားနပ်ရိက္ခာနဲ့ လက်နက်ခဲယမ်း လိုအပ်ချက်တွေ ရှိနေပါတယ်။ ဆက်ထိုးလာမယ်ဆိုရင် လက်နက်ခဲယမ်း လုံလုံလောက်လောက်ရှိနေမှ အဆင်ပြေမှာပါ။”ဟု ပြောသည်။
စစ်ကောင်စီတပ်က မြစ်ကြီးနား – ရွှေဘို မီးရထားလမ်းကို လုံခြုံရေးယူရန်အတွက် အင်အား ၂၁၀ ပါဝင်သည့် စစ်ကောင်စီစစ်ကြောင်း သုံးကြောင်းဖြင့် ရွှေဘိုမြို့မှ ထွက်ခွါလာခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ စစ်ကြောင်းများကို Black Wolf Army၊ Who am I Army နှင့် Forest Fighter Army PDF ပူးပေါင်းတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၇ ဦး ထိခိုက်ဒဏ်ရာရပြီး တစ်ဦးသေဆုံးကြောင်း သိရသည်။