စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူဖို့ ကမ္ဘာ့ကုလသမဂ္ဂနဲ့ အဖွဲ့ဝင် နိုင်ငံတွေ အပါအဝင် နိုင်ငံတကာ တရားရေး ယန္တရား၊ ဒေသတွင်း အဖွဲ့အစည်းဖြစ်တဲ့ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေ၊ နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေထံကို KNU က စာထုတ် တောင်းဆိုလိုက်ပါတယ်။
နိုင်ငံတကာ အနေနဲ့ စစ်ကောင်စီ အပေါ် ထိရောက် လက်တွေ့ကျတဲ့ နည်းလမ်းတွေနဲ့ တိုးချဲ့၊ ပိတ်ဆို့ အရေးယူ ဆောင်ရွက်ဖို့ KNU က ဒီနေ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန် တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
စစ်ကောင်စီဟာ ပြည်သူတွေကို အကြောင်းမဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ကျူးလွန်လျက်ရှိပြီး အခု စက်တင်ဘာလ ၇ ရက်နေ့ တစ်ရက်တည်းမှာ ကရင်အမျိုးသား အစည်းအရုံး အုပ်ချုပ်နယ်မြေထဲက နေရာ ၃ ခုကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ KNU က ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်ဟာ စက်တင်ဘာ ၇ ရက်နေ့က မူတြော်ခရိုင်၊ လူသောမြို့နယ်နဲ့ ဒွယ်လိုးမြို့နယ်ရှိ ကျေးရွာတွေက အရပ်သားတွေကို ပစ်မှတ်ထားပြီး ဘာသာရေး အဆောက်အအုံ၊ စာသင်ကျောင်းတွေနဲ့ လူနေ အဆောက်အအုံတွေပေါ် ဗုံး ၂ ကြိမ် ကြဲခဲ့တယ်လို့ သိရပါတယ်။
အခုလို လေကြောင်း တိုက်ခိုက်မှုကြောင့် ဒွယ်လိုးမြို့နယ်၊ ထီးကော်ထောကျေးရွာထဲက ဘော်ဒါဆောင်ကို ထိမှန်ခဲ့ရာ ကျောင်းဆရာ တစ်ဦးနဲ့ ကျောင်းသူကျောင်းသား ၄ ဦး သေဆုံးပြီး ၆ ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။
အလားတူ လေကြောင်း တိုက်ခိုက်ခဲ့ခဲ့ရတဲ့ သေသူးခီးကျေးရွာထဲက အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၄ လုံး ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ကော်ရောဘောထကျေးရွာက နေအိမ် ၆ လုံး ပျက်စီးပြီး ဘုရားကျောင်း တစ်ကျောင်း၊ စာသင်ကျောင်း တစ်ကျောင်းနဲ့ ဝတ်ပြုဆုတောင်းရာ ကျောင်းဆောင် တစ်ဆောင် ထိခိုက်ပျက်စီး ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ကရင်အမျိုးသား အစည်းအရုံး အနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကာကွယ် စောင့်ရှောက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ဖော်ပြထားပါတယ်။