တနင်္သာရီမြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့က တိုက်ပွဲမဖြစ်ပွားဘဲ လက်နက်ကြီးတွေ ဒီကနေ့နေ့လယ်ပိုင်းမှာ ဆက်တိုက်ပစ်ခတ်နေတယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးရဲဘော်တွေကပြောပါတယ်။
တနင်္သာရီမြို့ပေါ်က လေသာတောင်ပေါ်မှာအထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေက မွန်းတည့် ၁၂ နာရီလောက်ကစပြီး ဘန်လောရွာထဲကို ပစ်ခတ်နေတာဖြစ်ပါတယ်။
“၁၂၀ မမတွေနဲ့ပစ်နေတာပါ။ ဘန်လောက သူတို့ပစ်နိုင်တဲ့ အကွာအဝေးဆိုတော့ ပြောင်းဝကိုဒီဘက်လည့်ပြီးထုနေတာ” လို့ဒေသခံ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
မွန်းလွဲ ၂ နာရီလောက်အထိ လက်နက်ကြီး ၅ ချက်ပစ်ခတ်ခဲ့ပြီး ၄ ချက်ကတော့ ဘန်လောရွာလမ်းဆုံတဝိုက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
လက်နက်ကြီးကြောင့် လူထိခိုက်မှုနဲ့ နေအိမ်ပျက်စီးမှုအခြေအနေအသေးစိတ်ကိုတော့ မသိရသေးပါဘူး။
ဘန်လောရွာရွာခံတွေကတော့ လက်နက်ကြီးပစ်ခတ်နေတာကြောင့် နီးစပ်ရာကိုထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ သိရပါတယ်။
လက်နက်ကြီးပစ်နေတဲ့ လေသာတောင်ဟာ တနင်္သာရီမြို့ရဲ့ အရှေ့မြောက်ဘက်မှာရှိပါတယ်။
စစ်ကောင်စီတပ်ဟာ ဘန်လောကျေးရွာအုပ်စုအပြင် မြို့နယ်အတွင်းက လယ်တောင်ယာရွာ၊ ရေဖြူရွာ၊ အရှေ့မော်တုန်းနဲ့ အနောက်မော်တုန်း ရွာတွေဘက်ကိုလည်း မကြာခဏဆိုသလို အဆိုပါတောင်ပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်လေ့ရှိပါတယ်။
လက်နက်ကြီးမကြာခဏပစ်ခတ်နေတာကြောင့် မြို့ခံတွေနဲ့အနီးအနားမှာရှိတဲ့ ဘိုးဘွားရိပ်သာက သက်ကြီးရွယ်အိုတွေ ထိန့်လန့်ပြီး ဆေးဝါးကုသမှုခံယူရတဲ့ အခြေအနေထိရောက်နေပါတယ်။