ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက ကားနဲ့ ဆိုင်ကယ်တွေကို တားဆီး စစ်ဆေးကာ လက်နက်ပြ ငွေတောင်းကြမ်းနေတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုမှုကို ကိုးကားပြီး JOB FOR KAYAH တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လွိုင်ကော်မြို့မှာ စစ်ကောင်စီတပ်သားတွေက မြို့တွင်း လှည့်ပတ် စစ်ဆေးနေပြီး တွေ့သမျှ ကားနဲ့ ဆိုင်ကယ် တွေကို တားဆီး စစ်ဆေးကာ အကြောင်းရှာ ပိုက်ဆံတောင်းနေတယ်လို့ ဆိုပါတယ်။
“ဒီလို လုပ်နေတာတော့ ကြာပါပြီ။ ယာဥ်ထိန်းရဲတွေတောင် ငတ်နေပြီ။ အကုန်တားပြီး တစ်ခုမဟုတ် တစ်ခု အကြောင်းရှာတာ။ ယာဥ်မောင်း လိုင်စင် ပါမပါဆိုတာ သူတို့အလုပ်မှ မဟုတ်တာ။ ဒါလည်း အပြစ်ရှာပြီး ငွေတောင်းသွားတာပဲ” လို့ သူကရှင်းပြပါတယ်။
စစ်ကောင်စီတပ်သားတွေက ကားတစ်စီးကို ငွေကျပ် ၅,၀၀၀၀ ကနေ သိန်းဂဏန်း အထိ၊ ဆိုင်ကယ် တစ်စီး ငွေကျပ် ၂,၅၀၀၀ ကနေ ၆,၀၀၀၀ ကျော်အထိ တောင်းယူနေပြီး မပေးပါက ယာဥ်ကို သိမ်းမယ်လို့ လက်နက်ပြ ခြိမ်းခြောက်နေတယ်လို့ လွိုင်ကော် ဒေသခံ တစ်ဦးက ပြောပါတယ်။
အခုလို မြို့အနှံ့ လှည့်ပတ်ပြီး လက်နက်ပြ ငွေတောင်းနေလို့ မြို့ခံတွေ အနေနဲ့ သွားလာရာမှာ စိုးရိမ်မှု၊ မလုံခြုံမှုတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက တော်လှန်ရေး အားကောင်းတဲ့ ကရင်နီပြည်နယ်ကို ထိန်းချုပ်နိုင်ဖို့ လွိုင်ကော်မြို့ကို ကုန်းကြောင်း၊ လေကြောင်းကနေ စစ်အင်အားတွေ ပို့ဆောင်ထားပြီး လွိုင်ကော်မြို့က တစ်ဆင့် တိုက်ပွဲ ပြင်းထန်နေတဲ့ မြို့နယ်တွေကို လူအင်အား၊ ရိက္ခာနဲ့ လက်နက်ခဲယမ်းတွေ စစ်ကားတွေနဲ့ ပို့ဆောင်နေတာ ဖြစ်ပါတယ်။