အီတလီလူမျိုး ဗြိတိန်ဓာတ်ပုံဆရာ Siegfried Modola ဟာ မြန်မာစစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေတဲ့ ကရင်ပြည်နယ်မှာ ရိုက်ကူးတဲ့ သတင်းဓာတ်ပုံဖြင့် ထိပ်တန်း Visa d’or Award ကို ရရှိခဲ့ပါတယ်။
ပြင်သစ်နိုင်ငံတောင်ပိုင်း Perpignan မှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတကာသတင်းဓာတ်ပုံပွဲတော်မှာ Visa d’or Award ကို ‘မြန်မာပြည်တွင်းက လက်နက်ကိုင်အရေးတော်ပုံ’ အမည်ရ သတင်းဓာတ်ပုံ ရိုက်ကူးတဲ့ Siegfried Modola က ရရှိခဲ့တာဖြစ်ပါတယ်။ Siegfried Modola ရိုက်ကူးတဲ့ သတင်းဓာတ်ပုံကို ၂၀၂၂ ခုနှစ်က ကနေဒါနေ့စဥ်ထုတ်သတင်းစာ Globe & Mail မှာ ပုံနှိပ်ဖော်ပြခဲ့တာပါ။
မြန်မာ့လက်နက်ကိုင်တော်လှန်ရေးအကြောင်း ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံဟာ မြေထဲပင်လယ်ကို ဖြတ်ပြီး နိုင်ငံစွန့်ခွာသူများကို ကယ်ဆယ်ရေး လုပ်ဆောင်တဲ့ NGOs အကြောင်း ရိုက်ကူးထားတဲ့ သတင်းဓာတ်ပုံစီးရီးနဲ့ ယူကရိန်းစစ်ပွဲထဲက Bakhmout မြို့အကြောင်း သတင်းဓာတ်ပုံတို့ကို ကျော်ဖြတ်ကာ ထိပ်တန်းဆု ရရှိခဲ့တာဖြစ်ပြီး အဲဒီသတင်းဓာတ်ပုံတွေဟာ Visa d’or News Award အတွက် ဆန်ခါတင်ဝင်ခဲ့ပါတယ်။
ပြင်သစ်မှာ ကျင်းပတဲ့ နိုင်ငံတကာသတင်းဓာတ်ပုံပွဲတော်မှာ စစ်အာဏာသိမ်းခံထားရတဲ့မြန်မာနဲ့ပတ်သက်လို့ ဒီနှစ်ဟာ ဒုတိယအကြိမ်မြောက်ရရှိတာဖြစ်ပြီး ၂၀၂၁ ခုနှစ်ကလည်း လုံခြုံရေးအရအမည်မဖော်လိုတဲ့ မြန်မာဓာတ်ပုံဆရာတစ်ဦးရဲ့ ‘နွေဦးတော်လှန်ရေး’ သတင်းဓာတ်ပုံနဲ့ Visa d’or News Award ချီးမြှင့်ခံခဲ့ရပါတယ်။