အမျိုးသားညီညွတ်ရေးအစိုးရ ၊ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က ပြီးခဲ့တဲ့ မေ ၂ ရက်မှာ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးနဲ့ Zoom Meeting ကနေ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အချက်တွေကို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဒီနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ထုတ်ပြန်ချက်ထဲမှာ ယာယီသမ္မတ ဒူဝါလရှီးလက စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြတဲ့ တော်လှန်ရေးအင်အားစုများရဲ့ အခန်းကဏ္ဍကို လေးနက်စွာ အသိအမှတ်ပြုပြီး ယင်းအဖွဲ့အစည်းအသီးသီးရဲ့ အခြေအနေအရပ်ရပ်ကို မပြတ်စောင့်ကြည့် လေ့လာဆန်းစစ်လျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။
အဲဒါကြောင့် စစ်အာဏာရှင်နဲ့ အာဏာရှင်စနစ် အမြစ်ဖြတ်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန် တိုက်ပွဲဝင်နေတဲ့ မြေပြင်တော်လှန်ရေး ခေါင်းဆောင်များကို အသိအမှတ်ပြုခြင်းနဲ့ တော်လှန်ရေး အတွက် စုစည်းညီညွတ်မှုကို အခြေတည်လျက် ယာယီသမ္မတ ဒူဝါလရှီးလနဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့က ၂၀၂၃ခုနှစ်၊ မေလ (၂) ရက်မှာ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) ခေါင်းဆောင် ဗိုလ်နဂါးကို Zoom Meeting မှတဆင့် လက်ခံတွေ့ဆုံခဲ့ပါတယ်။
တွေ့ဆုံခြင်းရဲ့ အဓိကရည်ရွယ်ချက်တွေက ကာကွယ်ရေးဝန်ကြီးဌာနနဲ့ မဟာမိတ်များ စစ်ဒေသအလိုက် တည်ဆောက်ထားတဲ့ Chain of Command (COC) မှာ ပါဝင်ဆောင်ရွက်ကြရန်၊ အမျိုးသားညီညွတ်ရေးအစိုးရက မြေပြင်မှာ တည်ဆောက်လျက်ရှိတဲ့ အုပ်ချုပ်ရေး၊ ကာကွယ်ရေး ဆိုင်ရာယန္တရားများနဲ့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်၊ တော်လှန်ရေးအလွန်ကာလမှာ အကောင်အထည် ဖော်ရမယ့် လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အစီအစဉ်များမှာ လက်ခံပါဝင်ဆောင်ရွက်ရန် ကိစ္စရပ်များကို အလေးထားပြောဆိုခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကတော့ “နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလနှင့် ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်အနေဖြင့် အထက်ပါ ဆွေးနွေးချက်များမှလွဲ၍ အခြားမည်သည့် ဆွေးနွေးချက်၊ သဘောတူညီချက် တစုံတရာ လုံးဝ မရှိခဲ့ပါ။” လို့ အသိပေး ပြောကြားထားပါတယ်။