မန္တလေးမှာ လျှပ်စစ်မီတာခ ပေးဆောင်ဖို့ ကြွေးကျန် ၄ လ နဲ့အထက်ရှိနေရင် မီတာပုံးကိုအပြီး ဖြုတ်သိမ်းမယ်လို့ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ထုတ်ပြန်လာပါတယ်။
အဲဒီလို မီတာပုံး ဖြုတ်သိမ်းတာကို လက်ရှိ စက်တင်ဘာလ ၁၀ ရက်စတင်မယ်လို့ လည်း ထုတ်ပြန်ချက်မှာ ခြိမ်းခြောက်ထားတာတွေ့ရပါတယ်။
ဒါ့အပြင် ဓာတ်အားသုံးစွဲမှုမရှိဘဲ သုည ယူနစ်ဖြစ်နေတဲ့ နေအိမ်တွေအနေနဲ့ မီတာခ ၆လ ကြွေးကျန်ရှိနေ ရင်လည်း အပြီးဖြုတ်သိမ်းမယ်လို့ သိရပါတယ်။
မီတာပုံးအပြီးဖြုတ်သိမ်းခံရသူတွေအနေနဲ့ လျှပ်စစ်မီးပြန်လည်အသုံးပြုလိုရင် ကြွေးကျန်တွေ အားလုံးပေးဆောင်ရမှာဖြစ်ပြီး မီတာအသစ်ပြန်လျှောက်ရမယ်လို့ မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက ဆိုထားပါတယ်။
ဒီလို ပြန်လည်လျှောက်ထားရာမှာလည်း ၃ လစောင့်ကြည့်ပြီး မီတာချပေးမှာပါ။
အာဏာသိမ်းပြီးနောက် စစ်ကောင်စီအခွန်မရဖို့အတွက် လူထုဟာ အခွန်မဆောင်ဘဲ အာဏာဖီဆန်ခဲ့ကြတာပါ။
ပြီးခဲ့ဲတဲ့ ရက်ပိုင်းက ကမ္ဘာ့ဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အာဏာသိမ်း စစ်ကောင်စီကို လူထုက ဆန့်ကျင်တဲ့အနေနဲ့ မီတာမဆောင်ကြရာမှာ ၂၀၂၁ ခုနှစ် နိုဝင်ဘာလမှာဆိုရင် မီတာမဆောင်တဲ့ဦးရေဟာ တစ်နိုင်ငံလုံးအတိုင်အတာနဲ့ ၄၅ ရာခိုင်နှုန်းရှိခဲ့တယ်လို့သိရပါတယ်။
ဒါပေမယ့် စစ်ကောင်စီဘက်ကလည်း မီတာမဆောင်ရင် မီးဖြတ်တာ ၊မီတာပုံးကို ဖြုတ်သိမ်းတာ ၊ ဖမ်းဆီးတာစတဲ့ နည်းတွေနဲ့ ပြန်လည်ဖိနှိပ်တာတွေပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။