မုံရွာထောင်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ နိုင်ငံရေး အကျဥ်းသား ၅၀ ဦးအထိ ရှိလာပြီးနောက် စစ်ကိုင်းတိုင်းရှိ ကျေးရွာ တစ်ခုမှာ ဒီကနေ့ စက်တင်ဘာလ ၁၂ ရက်နေ့က ဓာတ်ပုံ ကမ်ပိန်းနဲ့ ဟောပြောပွဲကျင်းပ ၀န်းရံခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဥ်းသားများ ကွန်ရက် တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
မုံရွာ အကျဥ်းထောင်မှာ စက်တင်ဘာလ ၈ ရက်နေ့က နိုင်ကျဥ်း ၁၄ ဦး စတင် အစာငတ်ခံ ဆန္ဒပြနေရာက မနေ့က အစာငတ်ခံ ဆန္ဒပြသူ ၃၆ ဦး ထပ်တိုးလာတာကြောင့် ဆန္ဒပြသူ စုစုပေါင်း ၅၀ အထိ ရှိလာတယ်လို့ သူက ဆိုပါတယ်။
“သူတို့က ကျွန်တော်တို့ ကွန်ရက်က အဖွဲ့ဝင်တွေ ဖြစ်တယ်။ လက်ရှိ စစ်ကိုင်းတိုင်းဘက်မှာ အကျဥ်းထောင်ထဲမှာ ဖိနှိပ်ခံရမှု၊ ညှဥ်းပန်းနှိပ်စက် ခံရမှုတွေကို ရွာသူ ရွာသားတွေကို ရှင်းပြနေတယ်ပေါ့နော်” လို့ သူက ပြောပါတယ်။
ဆန္ဒပြ နိုင်ကျဥ်းတွေ အနေနဲ့ အထူးရှာဖွေရေးက သိမ်းဆည်းထားတဲ့ အကျဥ်းသားတွေရဲ့ ပစ္စည်းတွေ ပြန်ပေးဖို့၊ ပြင်ပက ထောင်ဝင်စာ လွတ်လပ်စွာ ပေးပို့ခွင့်ပြုဖို့၊ အစာငတ်ခံ ဆန္ဒပြ နိုင်ကျဥ်းတွေရဲ့ ကျန်းမာရေး ကိစ္စများ တာဝန်ယူ ဖြေရှင်းပေးဖို့ စတဲ့ အချက် ၃ ချက် တောင်းဆိုနေတယ်လို့ သိရပါတယ်။
ဆန္ဒပြသူတွေထဲမှာ မုံရွာ သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် ပါဝင်လာတယ်လို့ သိရပါတယ်။