အာဏာသိမ်းပြီးချိန်ကစပြီး ဒီကနေ့အထိ မြန်မာနိုင်ငံတ၀ှမ်းက အကျဥ်းထောင်တွေမှာ နိုင်ငံရေး အကျဥ်းသား ၂၄,၇၅၁ ဦးရှိနေပြီး လက်ရှိ ထောင်ဝင်စာပေးပို့ဖို့ ခက်ခဲလာတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများ ကွန်ရက် (Political Prisoner Network- Myanmar) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
လက်ရှိ ထောင်ဝင်စာပေးပို့ရာမှာ မိသားစုဝင် ဖြစ်ပြီး အိမ်ထောင်စု စာရင်းမှာ ပါ၀င်သူသာ ပို့ခွင့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်တွေကြောင့် အခက်အခဲတွေ ရှိနေတယ်လို့ သူကဆိုပါတယ်။
“အကျဥ်းထောင်ထဲမှာ လိုအပ်နေတဲ့ လူအရေအတွက် အတိုင်းကို ကျွန်တော်တို့ မကူညီနိုင်သေးဘူး။ မိဘက မပို့နိုင်တဲ့သူတွေ၊ အရေးကြီး လိုအပ်နေတဲ့သူတွေ၊ တကယ် အဆင်မပြေတဲ့ သူတွေကို ဦးစားပေးပြီး ကူညီပေးနေရတယ်။ အဲ့အတွက် စိတ်ရှိတိုင်း ကူညီပေးနိုင်တာမျိုးတော့ မရှိသေးဘူး” လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် နိုင်ငံရေး အကျဥ်းသားတွေဟာ ထောင်တွင်း အကြမ်းဖက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ အချိန်ကြာမြင့်စွာ တိုက်ပိတ် နှိပ်စက်ခံရတာ၊ ထောင်ပြောင်းခံရတာနဲ့ ရိုက်နှက်နှိပ်စက် ခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီး ၂ နှစ်ကျော် ကာလအတွင်း ထောင်တွင်း အကြမ်းဖက်မှုတွေ များပြားပြီး ၂၀၂၃ ခုနှစ် ကတော့ အဆိုးရွားဆုံး အနှိပ်စက်ခံရတဲ့ နှစ်ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများ ကွန်ရက်ဟာ လက်ရှိအချိန်အထိ အကျဥ်းထောင် ၁၇ ခုက နိုင်ငံရေး အကျဥ်းသားတွေကို ကူညီပေးနေတဲ့အဖွဲ့ ဖြစ်ပါတယ်။