စစ်ကိုင်းတိုင်းဒေသကြီး အတွင်းက ကလေး-တမူးအာရှလမ်းမကြီးပေါ်မှာ တိုက်ပွဲတွေကြောင့် (၃)လ ကြာ ဖြတ်သန်းသွားလာလို့မရတဲ့ ကလေး-တမူး အာရှလမ်းမကြီးကို ယမန်နေ့ စက်တင်ဘာလ(၁၁) ရက်နေ့ ကနေစတင် အသုံးပြုလို့ရပြီလို့ တမူးမြို့ဒေသခံတွေကပြောပါတယ်။
ကလေး-တမူး အာရှလမ်းမကြီးပေါ်မှာ ပြီးခဲ့တဲ့ ဇွန်လ(၁၅)ရက်နေ့မှာ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အာရှလမ်းမကြီးအသုံးပြုတာကို ကန့်သတ်လိုက်ကြတာဖြစ်ပြီး ယမန်နေ့ ကနေစတင်ပြီး သုံးဘီး၊ ဆိုင်ကယ်တွေကို ဖြတ်သန်းအသုံး ပြုခွင့်ပြုတာကနေ ဒီနေ့မှာတော့ ကား၊ ကုန်တင်ကားတွေကိုလဲ မြို့ထဲကိုလဲဝင်လာကြပြီလို့ တမူးဒေသခံ တစ်ယောက်က ပြောပါတယ်။
သူက“ သုံးဘီးတွေနဲ့ဆိုင်ကယ်တွေကို မနေ့ကနေဝင်ခိုင်းနေပြီ ၊ ဒီနေ့ နေ့လယ်လောက်ကနေတော့ ကုန်ကားတွေ၊ ဘိလပ်မြေသယ်ကားတွေ ဝင်လာတာတွေရှိနေပြီ”လို့ ပြောပါတယ်။
ကလေး-တမူး အာရှလမ်းမကြီးအသုံးပြုခွင့်ပြုခွင့် ကန့်သတ်လိုက်ကြတဲ့အချိန် တမူးမြို့မှာ ကြက်ဉ တစ်လုံး ၇၀၀အထိ ဈေးနှုန်းမြင့်တက်လာသလို၊ ဓာတ်ဆီတစ်ဂါလံကို (၁၆၀၀၀)အထိလဲ ကုန်ဈေးနှုန်း မြင့်တက်နေပြီး ကလေးကနေ တမူးကိုသွားလိုလျင် အိန္ဒိယဖက်ခြမ်းကနေတစ်ဆင့် ဆိုင်ကယ်ကယ်ရီနဲ့ သွားရတာတွေကြောင့် လူတစ်ယောက်ကို ကယ်ရီခ(၅၀၀၀၀)ကျပ် ကနေ(၈၀၀၀၀)အကြား ကုန်ကျတယ်လို့ ဒေသခံတွေက ပြောပါတယ်။