မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် လမ်း(၆၀)နဲ့ (၁၀၂)လမ်းထောင့်က မြို့နယ် ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးကို မနေ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ မန္တလေးမြို့ပြပြောက်ကျား No More Dictatorship People’s Defence Force – NMD PDF က သတင်းထုတ်ပြန်ပါတယ်။
ကားနဲ့ဆိုင်ကယ်တွေ လိုင်စင်သမ်းတမ်းတိုးရာမှာ ကုန်လမ်းပို့ဆောင်ရေးနဲ့ဆိုင်တဲ့ အခွန်အခတွေ စစ်အုပ်စုက သုံးဆတိုး ကောက်ခံဖို့ လုပ်နေတာကြောင့် သတိပေးတဲ့အနေနဲ့ စက်တင်ဘာ(၁၁)ရက်က ချမ်းမြသာစည်မြို့နယ် ပြည်တွင်းအခွန်ရုံးကို ဗုံးထုခဲ့တာ ဖြစ်တယ်လို့ NMD-PDF တာဝန်ခံ နဂါးကြီးက MFP ကို ပြောပါတယ်။
“မနေ့က တိုက်ခိုက်တာ အချိန်က ညနေပိုင်း။ တိုက်ခိုက်မှုကတော့ လက်ပစ်ဗုံးနဲ့ပဲ။ ရုံးဝန်းက နဲနဲကျယ်တဲ့ အခါကျတော့ အထိအခိုက်က သိပ်မရှိဘူး။ ဆိုင်ကယ်၊ ကားတွေနား ကျတယ်” လို့ NMD-PDF တာဝန်ခံ နဂါးကြီးက ဆိုပါတယ်။
အခွန်ရုံး ဗုံးထုခံရပေမယ့် ထိခိုက်တာ မရှိဘူးလို့ စစ်အုပ်စုက သတင်းဖြန့်ပါတယ်။
“ပြည်သူများ၏ အိုးအိမ်များ သိမ်းဆည်းခြင်း၊ ဖျက်ဆီးခြင်းများ အပြင် အခွန်ဆိုင်ရာ ဘဏ္ဏာများ ဖြင့်လည်း မျိုးစုံ ဒုက္ခပေးလျက် ရှိပါတယ်။ ၎င်းတို့အနက် စကစမှ ပြည်သူများအား မလွှဲသာ မရှောင်သာ ဆိုင်ကယ်၊ ကားလိုင်စင် အခွန်ဆောင်စေရန် အတင်းအဓမ္မ ဖိအားပေးလျှက် ရှိပါသည်။ ထို့ကြောင့် ပြည်သူများ၏ ကိုယ်စား မိမိတို့ မန္တလေး အခြေစိုက် No More Dictatorship People Defence Force – NMD အဖွဲ့မှ ဖောက်ခွဲ တိုက်ခိုက် ခဲ့ပါသည် ” လို့ NMD PDF က ဖော်ပြပါတယ်။
စစ်အုပ်စုဟာ မန္တလေး မြို့တွင်းမြို့ပြင် ဂိတ်တွေဖွင့်ထားပြီး ပြည်သူတွေကို ဖမ်းဆီးငွေညှစ်တာ၊ လက်နက်ပြ မိုက်ကြေးခွဲတာ၊ စိတ်ထင်တိုင်း ပစ်ခတ်သတ်ဖြတ်တာတွေ ကျူးလွန်နေတယ်လို့ ဒေသခံ မြေပြင် ကင်းထောက်တွေက ဆိုပါတယ်။
စစ်အုပ်စုဟာ ဂိတ်တွေက ဖမ်းဆီးငွေညှစ်တာ၊ လမ်းပေါ်တက် အုပ်စုဖွဲ့ လက်နက်ကိုင်ပြီး မိုက်ကြေးခွဲတာ အပြင် အထိုင်စခန်းတွေ ကနေပါ မထင်ရင်မထင်သလို ပြည်သူကို အကြောင်းရှာ ဖမ်းဆီးပြီး ငွေညှစ် နေတယ်လို့ ရဲဘော်နဂါးကြီးက ပြောပါတယ်။
စစ်အုပ်စုက မြို့တွင်းမြို့ပြင် ပိတ်ဆို့ဖမ်းဆီး အကြမ်းဖက်နေတဲ့ကြားက မန္တလေးမြို့ပေါ်က စစ်အုပ်စု ပျူတွေ စုဝေးရာနေရာတွေနဲ့ စစ်အုပ်စု ရုံးတွေ မကြာခဏ ဖောက်ခွဲ တိုက်ခိုက်ခံနေရတာ ဖြစ်ပါတယ်။