ကချင်ပြည်နယ်၊ ဖားကန့်မြို့တွင် ယမန်နေ့ညဦးပိုင်းက အသံမိုင်းနှစ်လုံး ရှေ့ဆင့်နောက်ဆင့် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
ဖားကန့်မြို့အထွက် ပန်းတင်တံတားအနီးတွင် ည ၇ နာရီခန့်က ပေါက်ကွဲခဲ့ပြီးနောက် တစ်နာရီအကြာတွင် ဖားကန့်၊ ကျောက်ဝိုင်းတွင်လည်း ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
“စစ်ကောင်စီက ညကြီးလုံခြုံရေးချပြီး မီတာတွေ ဖတ်နေလို့ သတိပေးခံရတာ။ KPDF က သတိပေးတာနေမှာ။ ဒီနေ့စဖတ်တာ။ အရင်ကမရှိဘူး။”ဟု ပြောသည်။
မိုင်းပေါက်ကွဲမှုကြောင့် ပရဟိတယာဉ်တစ်စီး၏ နောက်မှန် မိုင်းစထိမှန်၍ ပျက်စီးသွားကြောင်းလည်း သိရသည်။
အာဏာသိမ်းမှုနောက်ပိုင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် KIA၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားနေသည်။ ထို့အပြင် ဖားကန့်မြို့သည် အာဏာသိမ်းပြီးနောက် ဓားပြတိုက်မှု၊ လုယက်မှုနှင့် လက်သည်မပေါ်သည့် လူသတ်မှုများ အများဆုံးဖြစ်သည့် ကချင်ပြည်နယ်က မြို့ဖြစ်သည်။