ကသာမြို့နယ်ရှိ ပျဉ်ထောင်လေးကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သည် ယခုအခါပြန်လည်ထွက်ခွာသွားပြီး ထီးချိုင့်မြို့နယ်သို့ ဦးတည်နေကြောင်း သတင်းရရှိသည်။
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်နှင့် ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်စပ်ရှိ ငအိုးကျေးရွာအခြေစိုက် ခလရ(၁၂၁)မှ စစ်ကောင်စီစစ်ကြောင်းသည် ပျဉ်ထောင်လေးရွာသို့ စက်တင်ဘာ ၅ရက်တွင် ဝင်ရောက်လာပြီး တပ်စွဲထားခြင်းဖြစ်သည်။
စင်တင်ဘာ ၁၂ရက် နံနက်တွင် ပြန်လည်ထွက်ခွာသွားပြီး အလယ်ကျွန်းရွာ၊ညောင်ပင်ကွင်းရွာ၊ဖုန်ကုန်းရွာ၊ ဆိပ်ငူရွာနှင့် မရသိမ်ကျေးရွာတို့ကို ဦးတည်သွားနေသည်ဟု ကသာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
” အဲ့ဘက်တွေက ကြံခင်းတွေရှိတယ်။ ထီးချိုင့်နဲ့ ပိုနီးသွားပြီ။ ဒေသခံတွေ ဒီရက်စစ်ကြောင်းအခြေအနေကို သတိထားဖို့လိုပါတယ်” ဟု ၎င်းက သတိပေးသည်။
အဆိုပါ စစ်ကြောင်းသည် ပျဉ်ထောင်လေးရွာမှ ထွက်ခွာလာစဉ် လမ်းတလျှောက်တွင် ဒေသခံအချို့ကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးခဲ့သည်။ ဖမ်းဆီးခံထားရသူ အရေအတွက်ကို မသိရှိရသေးပေ။ ဖမ်းဆီးခံထားရသူအချို့ကို ယနေ့(စက်တင်ဘာ ၁၃ရက်)နံနက်တွင် ပြန်လွှတ်ပေးပြီး မရသိမ်ကျေးရွာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သတင်းရရှိသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်းကို ကသာခရိုင် တပ်ရင်း(၃)နှင့် တိုက်နယ်(ပကဖ)များက ခြောက်ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သည်။စစ်ကောင်စီတပ်သည် ပျဉ်ထောင်လေးကျေးရွာတွင် တပ်စွဲထားစဉ် ကျေးလက်ကျန်းမာရေးဆေးပေးခန်းအပါအဝင် နေအိမ် ၂၀ကျော်ကို မီးရှို့ဖျက်ဆီးထားသည်ဟု ကာကွယ်ရေးရဲဘော်များက ပြောသည်။
စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဩဂုတ် နှောင်းပိုင်းက ခလရ(၁၂၁)ထံသို့ မြေပြင်မှတဆင့် ရိက္ခာနှင့်လက်နက်ပို့ရန် ကြိုးစားစဉ် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ PDF ပူးပေါင်းတပ်ဖွဲ့က ဩဂုတ် ၂၈ရက်မှစကာ တိုက်ခိုက်ခဲ့ဖူးသည်။
ဩဂုတ်လ ၂၈ရက်မှ ဩဂုတ် ၃၀ရက်အထိတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကိုးဦးထက်မနည်းသေဆုံးပြီး ၁၅ဦးခန့် ဒဏ်ရာရခဲ့သည်ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။