မွန်ပြည်နယ်၊ ရေးမြို့နယ်ထဲက အကြမ်းဖက် စစ်ကောင်စီရဲ့ စကခ(၁၉)တပ်လက်အောက်ခံ ခမရ (၅၈၃) နဲ့ ခမရ (၅၉၁) တပ်ရင်းအတွင်းကို မွန်တော်လှန်ရေးပူးပေါင်းတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက် စစ်တပ်ဘက်က ဗိုလ်အဆင့်ရှိသူတွေအပါအဝင် ၄ဦး သေဆုံးခဲ့တယ်လို့ Dawna Column က ထုတ်ပြန်ပါတယ်။
အဲဒီအကြမ်းဖက် တပ်ရင်းတွေထဲကို စက်တင်ဘာလ ၁၂ ရက်နေ့က ဒေါနမမလက်နက် ကြီးတပ်စုက တစ်ပြိုင်ထဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ရင်းအတွင်းကို တိုက်ရိုက်ထိမှန်ခဲ့ ကာ တိုက်ပွဲကြာမြင့်ချိန် နေ့လည် ၂နာရီ ၃၀ ကနေ ၂နာရီ ၄၅ မိနစ် အထိ ၁၅ မိနစ်သာကြာမြင့်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။
အကြမ်းဖက် ခမရ (၅၉၁)ရဲ့ ထိခိုက်မှု ကနဦးသတင်းတွေအရ လက်ရှိမှာ ဒု-ဗိုလ် (၁) ဦး၊ ဒု-တပ်ကြပ် (၁)ဦး၊ ရဲဘော် (၁)ဦး၊ ရဲဘော်မိန်းမ (၁)ဦး စုစုပေါင်း (၄)ဦး သေဆုံးပြီးတော့ (၇)ဦး အပြင်းအထန် ဒဏ်ရာရရှိထားတယ်ဆိုတာနဲ့ ခမရ (၅၈၃)ရဲ့ ထိခိုက်သေဆုံး သတင်းကို စုံစမ်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ စစ်ဆင်ရေးကို ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့(YGF) ၊ မွန်တော်လှန်ရေးတပ် (MSRF)၊ ရေးကာကွယ်ရေးတပ် (YDF)၊ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း( MSRO)၊ ABSDF တပ်ရင်း(၁)၊ YAF နှင့် KNLAတပ်ရင်း ၂၇ ရေးအခြေစိုက် မဟာမိတ်တပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ စစ်ဆင်ရေးဖော်ဆောင် ခဲ့တာပါ။
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီးတဲ့နောက် ခမရ (၅၈၃) နဲ့ ခမရ (၅၉၁)က ၈၁ (၃) လုံး၊ ၆၀ (၅)လုံး နဲ့ 79 MM တွေနဲ့ ကျေးရွာတွေ အတွင်းကို “တပ်ကိုထိရင် ရွာကိုပစ်မယ်” လို့ ခြိမ်းခြောက်ထားတဲ့ အတိုင်း ပြန်လည် ပစ်ခတ်ခဲ့မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်တပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် ပြည်သူ(၆) ဦးခန့်ထိခိုက်ဒဏ်ရာတွေ ရရှိပြီး ပျက်စီးဆုံးရှုံးမှုတွေလည်းရှိခဲ့တယ်လို့ ပြည်သူတွေကို မေးမြန်းကြည့်ရာမှာ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူတစ်ဦး က “ကိုမျိုးချစ်ဈေးဆိုင်ကို လက်နက်ကြီးတွေ ထိမှန်ပါတယ်။နောက် ကိုကျော်ထူးအိမ်နဲ့ ကိုမျိုးချစ်အိမ်ကြားမှာလည်း လက်နက်ကြီးတွေ ကျရောက်တယ်။ ဒေါ်မိပျို ဆိုင်လည်းပြိုကျသည်ဟု”သတင်းရရှိထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်တင်ဘာလ လဝက်အတွင်းမှာ အကြမ်းဖက် စစ်တပ် စကခ (၁၉) လက်အောက်ခံတပ်ရင်းတွေကို ရေးအခြေစိုက် အဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ (၂) ကြိမ်တိုက်ခိုက်ခဲ့လို့ ထိခိုက်သေဆုံးမှုများပြားခဲ့တဲ့ အခြေအနေတွေကြောင့် ထုတ်နှုတ်အင်အားတွေပေးပို့နေတဲ့ ကိစ္စတွေအတွက် စစ်ကောင်စီဘက်က အတော်လေး စိုးရိမ်နေကြတယ်လို့
တပ်တွင်း သတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။