ချင်းကာကွယ်ရေးတပ်ဖွဲ့-အရှိုက Drone တစ်စီးဝယ်ယူရန်အတွက် ပြုလုပ်ထားသည့် “အောက်ချင်းတောင်ပံ” ကမ်ပိန်း အစီစဉ်တွင် ပါဝင်ပေးဖို့ ပြည်သူများအား CDF အရှိုက တိုက်တွန်းထားသည်။
“ကမ်ပိန်းက ရက်ပေါင်း (၆၀) သတ်မှတ်ထားပါတယ်၊ ရက်ပေါင်း (၂၀) ရောင်းချပြီ၊ ကမ်ပိန်း (၁၀)% သာ ရောင်းရသေးတယ်၊ကံစမ်းမဲ တစ်စောင်ကို မြန်မာငွေ တစ်သောင်းကျပ်ပါ” ဟု CDF-Asho Team ယိုက်လင်းက ပြောသည်။
“အောက်ချင်းတောင်ပံ” ကမ်ပိန်းတွင် မရာချင်း ရိုးရာ၊ မီဇိုးချင်း ရိုးရာ၊ အရှိုချင်း ရိုးရာ၊ စုမ်းတူချင်း ရိုးရာ၊ လောက်တူချင်း ရိုးရာပစ္စည်းတွေကို ကံစမ်းမဲ ဖောက်ပေးသွားမည်ဖြစ်ပြီး အထူးဆုကို ချင်းဆွဲကြိုး၊ ချင်းလွယ်အိတ်၊ ချင်းဆံထိုး၊ ချင်းပလိုင်းလွယ်ဓားတွေကိုပါ ထည့်သွင်း မဲဖောက်ပေးသွာမည် ဖြစ်သည်။
“ထိုးစစ်ကာလ ကိုရောက်လာပီ ဖြစ်တဲ့အတွက် တိုက်စစ်မြှင့်ဖို့ Drone တစ်စီး လိုအပ်တာဖြစ်လို့ ဒီကမ်ပိန်းကို ပြုလုပ်ရတာဖြစ်ပါတယ်၊ ပြည်သူတွေအနေနဲ့ တစ်ယောက်တစ်စောင် ပါဝင်နှုန်း ပါဝင်ပေးရင်ပဲ target ကပြည့်မှီနိုင်ပါတယ်”ဟု CDF – အရှို တာဝန်ရှိသူ ဆလိုင်းဒါဝိဒ်က ပြောသည်။
CDF အရှိုတပ်ဖွဲ့သည် မကွေးတိုင်းအတွင်းတွင် အဓိက စစ်ရေးလှုပ်ရှားပြီး၊ စစ်အာဏာရှင်တော်လှန်တဲ့ PRA-Magway၊ ပြည်သူ့လွတ်လပ်ရေးတပ်မတော်၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF)၊ မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့နှင့် ပြည်သူတော်လှန်ရေးအင်အားစုတို့နဲ့ မဟာမိတ် ဖွဲ့ထားပြီး စစ်ရေးလှုပ်ရှားနေသည်။