ရှမ်း-ကရင်နီနယ်စပ်၊ ဖယ်ခုံမြို့နယ်မှာ စစ်ကောင်စီတပ် စစ်ကြောင်းတွေ အထိုင်ချထားပေမဲ့ စစ်ကြောင်းထိုး တိုက်ခိုက်တာ မလုပ်နိုင်ဘဲ ရှေ့မတိုးနိုင်လို့ တိုက်ပွဲတွေ ငြိမ်သက်နေတာ ၂ ပတ်ခန့်ရှိပြီလို့ ဖယ်ခုံ PDF တပ်ရင်း (၁၀၀၆) ပြောရေးဆိုခွင့်ရှိသူ ကိုပီတာက ပြောပါတယ်။
စစ်ကောင်စီက ဖယ်ခုံမြို့နယ် တောင်စလုံး၊ မြောက်စလုံးကျေးရွာ အနီးတစ်၀ိုက်နဲ့ မိုးဗြဲ-လွိုင်ကော် လမ်းမဘေးက ကျေးရွာတွေမှာ တပ်စွဲထားပြီး အရင်လို စစ်ကြောင်းထိုး တိုက်ခိုက်မှု မပြုဘူးလို့ ဆိုပါတယ်။
“သူတို့(စစ်ကောင်စီ)က စစ်ကြောင်းထိုးတာ ရှေ့မရောက်ပဲ တန့်နေတာပေါ့။ ကျွန်တော်တို့ကလည်း ခုခံတဲ့ ပုံစံမျိုး ဆိုတော့ သူတို့ ရှေ့မတိုးမချင်း သွားမတိုက်ဘူးပေါ့နော်။ ဒါကြောင့် တိုက်ပွဲတွေ ငြိမ်နေတာ” လို့ သူက ရှင်းပြပါတယ်။
အခုလို စစ်ရေး ငြိမ်သက်နေရတာဟာ လက်ရှိ ပြည်သူ တစ်ချို့ စိုက်ပျိုးထားတဲ့ သီးနှံတွေ ရိတ်သိမ်းချိန် နီးကပ်လာလို့ PDF ဘက်က တိုက်ပွဲ မဖော်တာလို့ ကိုပီတာက ပြောပါတယ်။
“ပြည်သူတွေရဲ့ အသံကိုလည်း နားစွင့်ရတာပေါ့။ အခုချိန် တိုက်ပွဲတွေ ပြန်ဖြစ်လာရင် ပြည်သူတွေ ထိခိုက် နစ်နာမှုတွေ ရှိမှာစိုးလို့ ကျွန်တော်တို့က ခေတ္တ ငြိမ်ပေးတဲ့ သဘောပါပဲ” လို့ သူကရှင်းပြပါတယ်။
အခုလို တိုက်ပွဲတွေ ပြန်ငြိမ်နေတဲ့ ကာလမှာ လိုအပ်တဲ့ လက်နက်ခဲယမ်း၊ ရိက္ခာတွေ ပြင်ဆင်နေပြီး ဖယ်ခုံမြို့နယ်မှာ နှစ်၀က်နီးပါး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြား စစ်ပန်းနေတဲ့ ပြည်သူတွေကို လုပ်ကိုင် စားသောက်ချိန်ရဖို့ ရည်ရွယ်တယ်လို့ သူကဆိုပါတယ်။
လက်ရှိ ရှမ်း-ကရင်နီ နယ်စပ် ဖယ်ခုံ-ပင်လောင်း-မိုးဗြဲ ဒေသတွေမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ပွဲတွေ ငြိမ်သက်နေပေမဲ့ အသင့်အနေအထားနဲ့ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။