စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်နှင့်ပျူစောထီးများက သိုးကျောင်းသားအားသတ်ဖြတ် သိုးအကောင်ရေ ၁၄၀ ခန့်အား အဓမ္မသိမ်းယူသွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စက်တင်ဘာ ၁၄ နေ့လယ် ၂ နာရီခန့်က ချောင်းဦးမြို့နယ်၊ ကံကြီးကုန်း ပျူစောထီးကျေးရွာမှ စစ်ကောင်စီတပ်သားနှင့်ပျူစောထီး အင်အား ၇၀ကျော်က သိုးအုပ်နှင့် နွားအုပ်များအား ရိက္ခာအဖြစ် သိမ်းယူရန် သေနက်ပစ်ဖောက်ပြီး ဖမ်းဆီးခဲ့သည်။
သို့သော် နွားအုပ်မှာ လွတ်မြောက်သွားပြီး သိုးအကောင်ရေ ၁၄၀ ခန့်ရှိသော သိုးအုပ်မှာ ဖမ်းဆီးခံရသည်။ထို့အပြင် သိုးအုပ်ပိုင်ရှင်လည်းဖြစ်ပြီး ကိုယ်တိုင်သိုးကျောင်းနေသောကိုဇော်ဌေးဆိုသူကိုပါ စစ်အုပ်စုက သတ်ဖြတ်သွားကြောင်း ချောင်းဦးမြို့နယ် တော်လှန်ရေးတပ်(CRA)၏ တာဝန်ခံ ကိုပျံလွှားက ပြောသည်။
သိုးတစ်ကောင်လျှင် ဒေသပေါက်ဈေး အနည်းဆုံး ကျပ် ၈၀,၀၀၀ ကျော်ရှိ၍ သိုးအပ်မှာ ကာလတန်ဖိုး အနည်းဆုံးကျပ် ၁၁၂ သိန်းကျော်ရှိကြောင်းဒေသခံ အချို့ကပြောသည်။
CRAအနေဖြင့် သိုးကျောင်းသားအား ကယ်တင်ရန်သွားရောက်ခဲ့သော်လည်း လက်နက်အင်အားမမျှခြင်း၊ စစ်အုပ်စု၏ အထိုင်စခန်းနှင့် (၃)ဖာလုံခန့်သာ ကွာဝေးခြင်းတို့ကြောင့် တိုက်ခိုက်နိုင်ခြင်းမရှိခဲ့ကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်တို့ကယ်ဖို့ရာ သွားသေးတယ် ကျည်တကမ်းအလိုမှာ။ ကျွန်တော်တို့ရှိတာ သုံးလက်၊ သူတို့က အလက် ၂၀ ကျော်ဆိုတော့ကယ်ဖို့မဖြစ်နိုင်တာ။ သူတို့က ဖမ်းခေါ်သွားတော့ ကိုဇော်ဌေးရဲ့အော်သံကို ကြားနေရတယ်။ ကျွန်တော့်ကို မသက်ပါနဲ့ ။ ကျွန်တော်က သိုးကျောင်းသားပါ။စားကျက်မရှိလို့ ဒီနေရာ လာကျောင်းတာပါလို့ ခဏခဏ တောင်းပန်နေတဲ့ အသံကြားရပါတယ်။”ဟု ကိုပျံလွှားက ပြောသည်။
သတ်ဖြတ်ခံရသူ ကိုဇော်ဌေးသည် အသက်(၄၀)ကျော်ရှိဖြစ်ပြီး ဝယာကျေးရွာအုပ်စု ယာကြီးကျေးရွာသား ဖြစ်သည်။ကိုဇော်ဌေးတွင် ဇနီးနှင့် အသက် ၁၅ နှစ် အရွယ်သားတစ်ဦးကျန်ရစ်ခဲ့သည်။
အဆိုပါဖြစ်ရပ်အပေါ် စစ်ကောင်စီ၏ ဝါဒဖြန့်ချန်နယ်ဖြစ်သော Fifty Two News ချန်နယ်လ်က သတ်ဖြတ်ခံရသည့် သိုးကျောင်းသူ ကိုဇော်ဌေး ကို PDF တစ်ဦးဖြစ်ပြီး တိုက်ပွဲဖြစ်ကာ အလောင်း တစ်လောင်နှင့် လက်လုပ်သေနတ် ၁ နက်နှင့် ကျည်အချို့ သိမ်းဆည်းရရှိကြောင်း လိမ်လည်ဝါဒဖြန့်ခဲ့သည်။