စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ စစ်ကောင်စီဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ရရှိထားပြီး စက်တင်ဘာလကုန်နောက်ဆုံးထား ပြည်သူနှင့်အတူပူးပေါင်းရန် Black Falcon ပြောက်ကျားတပ်ဖွဲ့က သတိပေးသည်။
မုံရွာမြို့တွင် စစ်ကောင်စီက ရဲဘော်များ၏ မိသားစုဝင်များအား ဖမ်းဆီး၊ခြိမ်းခြောက်၊ အကြပ်ကိုင်ခြင်းများ ပြုလုပ်နေကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ ကိုယ်ရေးအကျဥ်းနှင့် အချက်အလက်များ ရရှိထား၍ စက်တင်ဘာလကုန်နောက်ဆုံးထားကာ ပြည်သူနှင့်အတူပူးပေါင်းရန် Black Falcon ပြောက်ကျားတပ်ဖွဲ့က သတိပေးထုတ်ပြန်သည်။
“စစ်ကောင်စီဘက်က တော်လှန်ရေး ရဲဘော်တွေရဲ့ မိသားစုဝင်တွေကို ဖမ်းဆီးတာမျိုးတွေ ထပ်မလုပ်ဖို့ သတိပေးတဲ့သဘောပါ။ သူတို့နည်းအတိုင်းသာ ကျွန်တော်တို့လုပ်မယ်ဆိုရင်ကျွန်တော်တို့ဆီမှာလည်း သူတို့နဲ့ပတ်သက်သူတွေ စာရင်းတွေကအစရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မလုပ်ဘူး။ ကျွန်တော်တို့ အဓိကပစ်မှတ်က စစ်ကောင်စီကိုပဲ။ သူတို့ဘက်ကလည်း အဲဒီလိုကျင့်သုံးပေးစေချင်တာပါ။”ဟု Black Falcon ပြောက်ကျားတပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ရဲဘော်များ၏ မိသားစုဝင်များကို ဖမ်းဆီးရန် အမိန့်ပေးခိုင်းစေသူများနှင့် စစ်ကောင်စီ၏ တပ်ဖွဲ့ဝင်များကို ထိရောက်စွာ ပြန်လည်အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း BlackFalcon ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။
“အခုလိုသတိပေးတာ ကောင်းတယ်။ အခုက ကာယကံရှင် ဖမ်းလို့မရရင် မိသားစုကိုဖမ်းဆီးပြီး ဒုက္ခပေးနေတာ။ တော်တော်ဆိုးတယ်။”ဟု မုံရွာမြို့ခံတစ်ဦးက ပြောသည်။