ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက် ရဲစခန်းအနီးရှိ ဧရာမြင့်မိုရ် ဆိုင်ကယ်အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်၏ ပိုင်ရှင်ဆိုသူ အမျိုးသားတစ်ဦး ယနေ့နံနက် ၁၀ နာရီခွဲအချိန် သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း သိရသည်။
ပစ်ခတ်ခံသူ အမျိုးသားကားမောင်းလာစဉ် ဖားကန့်မြို့၊ မော်ဝမ်းရပ်ကွက် (ဒေသအခေါ် ဇောတိကကုန်း) လမ်းဆုံတွင် အမည်မသိလူနှစ်ဦးက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖားကန့်ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။
သေနတ်ဖြင့် ပစ်ခတ်ခံရသူမှာ အသက် ၄၀ နှစ်ကျော်အရွယ် ဦးညီညီလွင်ဆိုသူဖြစ်ပြီး ၎င်းမှာ မှော်ဝမ်းရပ်ကွက် ရဲစခန်းအနီးတွင် ဖွင့်လှစ်ထားသည့် ဧရာမြင့်မိုရ် ဆိုင်ကယ်အပိုပစ္စည်းရောင်းဝယ်ရေးဆိုင်၏ ဆိုင်ရှင်ဖြစ်ကြောင်း သိရသည်။
သေနတ်ဖြင့် အပစ်ခံရသည့်အတွက် ကိုညီညီလွင်၏ လက်မောင်းတွင် ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပြီး၊ ယခုအခါ ဖားကန့်ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြောင်း သိရသည်။
စစ်အာဏာသိမ်းပြီး ကာလအတွင်း ဖားကန့်မြို့နယ်အတွင်း လက်သည်မပေါ်သည့် လူသတ်၊ လုယက်မှုများ မကြာခဖြစ်ပွါးနေပြီး စက်တင်ဘာ ၁၁ ရက်နေ့က ဘဇံချောက်ကျေးရွာအဝင်၌ အမျိုးသားတစ်ဦး ဓားဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။