စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်မှ ဥက္ကဌများအပါအဝင်ထိပ်တန်းအရာရှိ ၄၄ဦးကို အကြမ်းဖက်သမားများအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ယနေ့ ထုတ်ပြန်ကြာညာလိုက်သည်။
ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေ အပါအဝင် စုစုပေါင်း ၄၄ဦးကို အကြမ်းဖက်သမားများအဖြစ် နာမည်နှင့် ရာထူးဌာနများဖော်ပြပြီး ကြေညာချက်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
“အကြမ်းဖက်စစ်ကောင်စီအနေဖြင့် အကြမ်းဖက်လုပ်ရပ် များကို ကျူးလွန်နိုင်ရေးအတွက် ဘဏ္ဍာငွေအထောက်အပံ့၊ ငွေကြေးစီးဆင်းမှု ၊ နိုင်ငံခြားတိုင်းပြည်များမှ လေယာဉ်ဆီအပါအဝင် လူအများအပြားသေကြေပျက်စီးနိုင်သည့် လက်နက်များဝယ်ယူခြင်း အစရှိသည်တို့တွင် စစ်ကောင်စီလက်အောက်ခံဗဟိုဘဏ်၏ ဝန်ထမ်းများသည် အဓိကကြံရာပါများအဖြစ် ပါဝင်လျက်ရှိသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဗဟိုဘဏ်တစ်ခုအနေဖြင့် နိုင်ငံ၏အခြေအနေနှင့် ကိုက်ညီပြီး ပြည်တွင်းဈေနှုန်းတည်ငြိမ်ရေးကိုရရှိစေမည့် ငွေကြေးမူဝါဒကိုချမှတ်၍ အကောင်အထည်ဖော်မှုမရှိခြင်း၊ ယင်းအစား ပြည်တွင်းသုံးငွေကြေး (မြန်မာကျပ်)အား အမြောက်အများရိုက်ထုတ်ခဲ့ပြီး အကြမ်းဖက်အုပ်စုအတွက် အဓိကငွေကြေးထောက်တိုင်များအဖြစ် ဆောင်ရွက်ခဲ့ခြင်း၊ ယင်း၏ အကျိုးဆက်အဖြစ် အဆမတန် ငွေကြေးဖောင်းပွမှုကြောင့် ပြည်သူများကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို ခံစားကြရခြင်း၊ မိမိကိုင်တွယ်ကျင့်သုံးရမည့် ဥပဒေများအား ဥပက္ခာပြု၍ နိုင်ငံခြားငွေကြေး ဈေးကွက်ကို အကြမ်းဖက်စစ်ကောင်စီအလိုကျ ချယ်လှယ်၊ ဆောင်ရွက်ခွင့်ပြုသဖြင့် နိုင်ငံခြားငွေလဲလှယ်နှုန်း မတည်မငြိမ်ဖြစ်ပြီး မြန်မာကျပ်ငွေတန်ဘိုး အဆမတန် ကျဆင်းခြင်း၊ နောက်ဆက်တွဲအနေဖြင့် အခြေခံလူသုံးကုန်၊ ဆေးဝါး အပါအဝင် လူသုံးကုန်ပစ္စည်းများ ရှားပါးပြတ်လပ်လာခြင်း၊ ဗဟိုဘဏ်တစ်ခုအနေဖြင့် ပြည်သူ့ကိုယ်စား စီမံခန့်ခွဲရမည့် နိုင်ငံ၏ နိုင်ငံခြားသုံးသီးသန့်ငွေများအား အကြမ်းဖက်စစ်ကောင်စီအတွက် နိုင်ငံခြားတိုင်းပြည်များမှ လေယာဉ်ဆီအပါအဝင် လူအများအပြား သေကြေပျက်စီးနိုင်သည့် လက်နက်များဝယ်ယူရာတွင်အသုံးပြုခြင်း၊ ပြည်သူပိုင်ငွေကို တလွဲအသုံးပြုခြင်းတို့ကို ကျူးလွန်ခဲ့ကြသည်ဟု ရှင်းပြထားသည်။
အကြမ်းဖက်သမားများအဖြစ် သတ်မှတ်ကြေညာခြင်း ခံရသူများအား အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူသွားမည်ဟုလည်း ထပ်မံဖော််ပြားသည်။